iMyanmarHouse.com - Best Property Website for Myanmar
×

ရန်ကုန်မြို့လယ်က ခေတ်မီအလှပြုပြင်ရေးခန်းမတစ်ခုတွင် သတို့သမီးလောင်းတစ်ဦးကို အလှဖန်တီးနေသော သူ၏လှုပ်ရှားမှုမှာ ကကွက်တစ်ခု ကပြနေသည်နှယ်။ သွယ်လျသည့် လက်ချောင်းများဖြင့် ကျွမ်းကျင်သွက်လက်စွာ ဖန်တီးပေးနေသူတစ်ဦးမှာ လေယူရာယိမ်းနွဲ့နေသည့် ရွှေအိုရောင်ဆံနွယ်ရှည်၊ မြင့်မားသည့်အရပ်အမောင်း၊ သိမ်မွေ့နူးညံ့သည့်ဟန်ပန်နှင့် ရှိုက်ကြီးဖိုငယ်အသွယ်သွယ်တို့က ပုရိသတို့အတွက် ရန်ခုန်ဖွယ်အတိဖြစ်သည်။ တောက်ပရွှန်းစိုနေသော မျက်လုံး၊ နှင်းဆီဖူးကဲ့သို့ ထူပြည့်ပြည့်နှုတ်ခမ်းအစုံက သူ့ကို ပိုလှပဆွဲဆောင်မှုရှိစေသည်။

သူကား မိတ်ကပ်နှင့်ဆံပင် အလှဖန်တီးရှင် မထက် ခေါ် ဥက္ကာထက်ဖြစ်သည်။

မိန်းကလေးအစစ်တစ်ဦးအလား ထင်မှတ်မှားရသည့် ရုပ်ရည်နှင့် ကိုယ်နေဟန်ထားကို ပိုင်ဆိုင်ခြင်း၊ ဆန်းသစ်သည့် နိုင်ငံတကာဆန်သော ဆံပင်ပုံစံများ တီထွင်ခြင်း၊ ခေတ်မီသည့် မိတ်ကပ်ဖန်တီးလိမ်းခြယ်ခြင်းတို့ကြောင့် ယခုနှစ်များအတွင်း ပြည်တွင်း၌ ရေပန်းအစားဆုံး အလှဖန်တီးရှင် ကြယ်တစ်ပွင့်လည်းဖြစ်သည်။

နံနက် ၄ နာရီကတည်းကစ၍ မိုးချုပ်သည်အထိ လက်မလည်ရအောင် အလုပ်ပေါင်းများစွာဖြင့် အားလပ်ချိန်နည်းပါးသည့် မထက်အတွက် ယခုဘဝကို အလွယ်တကူရခဲ့သည်မဟုတ်။ မိန်းမလျာဘဝကိုခံယူဖို့ အဖေ၊ အမေနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ တစ်ဦးတည်းသော ညီဖြစ်သူက ကန့်ကွက်သည်။ ဆွေမျိုးအသိုင်းအဝိုင်းနှင့် အဝေးဆုံးမှာ နေလိုက်ရသည်။ သို့သော် ဒါတွေက မထက်အတွက် မှုလောက်စရာမဟုတ်။ မိုးလင်း၊ မိုးချုပ် မိန်းမကဲ့သို့နေချင်သည့် စိတ်ဆန္ဒကို ချုပ်တည်းထားရသည့် စိတ်ဆင်းရဲမှုကမှ သူ့အတွက် တကယ့်ပြဿနာ။

‘‘ဗီဇမှာကိုက မိန်းမလျာဖြစ်ဖို့ပါလာပြီးသား။ ကိုယ်ဟာ ဂေး (မိန်းမလျာ)တစ်ယောက်ပဲ။ ဂေးမှာတောင်မှ မိန်းမစိတ်အပြည့်ရှိတဲ့ မိန်းမလိုနေချင်တဲ့ဂေးပဲ။ စိတ်ကျဉ်းကျပ်မှုကို မခံနိုင်တော့တဲ့အဆုံး အသက်(၂၈)နှစ်မှာ ကိုယ်ဟာဂေးလို့ အိမ်ကိုဖွင့်ပြောလိုက်တယ်’’ဟု မထက်ကပြောသည်။

ငယ်ကတည်းက ဂေး
အသက်(၆)နှစ်အရွယ် သူငယ်တန်းကျောင်းသားဘဝကတည်းက ကျားကျားလျားလျား ဆော့ကစားရတာကို မထက် မကြိုက်။

သေနတ်ပစ်တမ်း ကစားတာထက် ဝမ်းကွဲညီမများနှင့်အတူ အိုးပုတ်များနှင့် ထမင်းဟင်းချက်ချင်သည်။ ဘိုမရုပ်ကို အင်္ကျီရောင်စုံဆင်ပေးတမ်း ကစားချင်သည်။ အမေဖြစ်သူက ဗီဇပါလာသည်ကိုသိ၍ ပြင်းပြင်းထန်ထန် ထိန်းချုပ်တားမြစ်သည်။ မိန်းမစိတ်ဝင်နေသည်ကို ရှက်စရာဟု ကလေးဘဝကတည်းက သူ့စိတ်ကို မိခင်က ရိုက်သွင်းခဲ့သည်။

သို့သော် ဆယ်ကျော်သက်အရွယ်ရောက်လာချိန်တွင် မိန်းမစိတ်ကိုချိုးနှိမ်ပြီး အရွယ်ရောက်ယောက်ျားများ ဘယ်လိုပြုမူနေထိုင်လဲဆိုတာကို အတုယူနေရတာကိုက မထက်အတွက် နေ့စဉ်အလုပ်တစ်ခု။

ဂေးတစ်ယောက်မှန်း ပတ်ဝန်းကျင်ကမသိအောင် မိုးလင်း၊ မိုးချုပ် သတိဆွဲဟန်ဆောင်နေခြင်းမှာ သူ့အတွက် မွန်းကျပ်လှသည်။

‘‘ဆယ်တန်းအောင်ပြီးတဲ့နောက်မှာ ဒီလိုဟန်ဆောင်ရတာ ပိုကျဉ်းကျပ်လာတယ်။ မိဘကိုမှီခိုနေရင် ကိုယ့်ဘဝက သူတို့လမ်းကြောင်းကိုပဲ သွားရမှာ။ ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်ရင် ကိုယ်လုပ်ချင်တာလုပ်လို့ရပြီဆိုတာ စာတွေဖတ်တော့လည်း သိလာတယ်။ ငါ့ဘဝကို လှောင်ပိတ်မထားတော့ဘူးဆိုပြီး အမေ့ကို ဂေးနဲ့သက်ဆိုင်တဲ့စာတွေကို နည်းနည်းချင်းပေးဖတ်တယ်။ ဘယ်ရုပ်ရှင်မင်းသား၊ ဘယ်အဆိုတော်၊ ဘယ်စားဖိုမှူးဟာဖြင့် ဂေးပေါ့။ သူတို့တွေ ဂေးဖြစ်ပေမယ့် သူတို့ဘဝရပ်တည်ချက်နဲ့ အောင်မြင်မှုတွေကို ဘယ်လိုလုပ်ခဲ့လဲဆိုတာကို နားသွင်းတယ်။ အငယ်ကောင်ကိုလည်း ပြောပြပေးတယ်’’ဟု မထက်က ဂေးတစ်ယောက်ဘဝခံယူရန် အစပျိုးပုံကို ပြောပြသည်။

ရာနှုန်းပြည့် အမျိုးသမီးဘဝကို ခံယူလိုက်ပုံ
မိခင်ဖြစ်သူ စိတ်ကျေနပ်အောင် ယောက်ျားဘဝဖြင့် နေထိုင်ရင်း ဆံပင်၊ မိတ်ကပ် အလှပြုပြင်သင်တန်းကို ၂၀၀၄ တွင် တက်ရောက်လိုက်သည်။ အမေမရိပ်မိအောင် မိန်းမလျာများဦးစီးသည့် သင်တန်းကိုမရွေးဘဲ ရှားရှားပါးပါး မိန်းမစစ်စစ်များ ဦးစီးသင်ကြားသည့် Nikko သင်တန်းကျောင်းကို ရွေးချယ်သည်။ အသက်(၂၆)နှစ်တွင် ဆံပင်အလှပြုပြင်ရေးဆိုင်ကိုဖွင့်ပြီး ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နိုင်ခဲ့သည်။

တက်သစ်စမော်ဒယ်များနှင့် မဂ္ဂဇင်းရိုက်ကူးရေးများတွင်လည်း လိမ်းခြယ်ပေးရန် အလုပ်များရရှိလာသည်။ ဝင်ငွေအထိုက်အလျောက်ရလာချိန် အသက်(၂၈)နှစ်တွင် ဂေးဖြစ်ကြောင်း မိခင်ကို တရားဝင်ထုတ်ပြောသည်။ အသက်(၃၀)တွင် မိန်းမတစ်ဦးကဲ့သို့ ဝတ်စားနေထိုင်တော့မည်ဖြစ်ကြောင်း မိခင်ကို ထပ်မံအသိပေးချိန်မှာတော့ အိမ်ကိုလုံးဝမလာရန် ရာဇသံပေးခြင်းခံလိုက်ရသည်။ ဖခင်က ဘာမှမပြောသော်လည်း  ညီဖြစ်သူက လုံးဝလက်မခံခဲ့။

‘‘အဲဒီစကားတစ်ခွန်းရတဲ့အချိန်မှာ အိမ်ဘက်လုံးဝမသွားတော့ဘူး။ ဆွေမျိုးတွေရော၊ အရင်သူငယ်ချင်းတွေကိုရော လုံးဝမခေါ်တော့ဘူး။ ကိုယ့်ဘက်ကကိုစပြီး ပြတ်စဲလိုက်တာ။ ကိုယ်က အားငယ်တယ်။ ငါ့ကိုပေါင်းပါ့မလား၊ လက်ခံနိုင်ပါ့မလားဆိုတဲ့ အားငယ်မှုနဲ့ ကြောက်ကန်ကန်လိုက်တာ။ လာပတ်သက်နှုတ်ဆက်ရင်တောင် မသိချင်ယောင်ဆောင်လိုက်တာ’’ဟု မထက်ကပြောသည်။

ယောက်ျားဆန်ဆန် ဟဲဗီးရော့ခ်၊ ရက်ပ်ပုံစံဝတ်ဆင်မှုစတိုင်ဖြင့် မိတ်ကပ်ပြင်ပေးနေသည့် မိတ်ကပ်ဆရာလေးအဖြစ်မှ ပန့်ခ်ဆန်သည့် စကီနီဘောင်းဘီအကျပ်များကို မထက်က ရုတ်ခြည်းပြောင်းလဲဝတ်ဆင်ခဲ့သည်။ ထိုမှတစ်ဆင့် မိန်းကလေးဝတ် အသားကပ်စတော်ကင်ဘောင်းဘီအရှည်နှင့် အတွင်းခံများကို ပြောင်းဝတ်ပြီး မိန်းကလေးကဲ့သို့ ပြုမူနေထိုင်လိုက်သည်။

ထိုစဉ်က ညဘက် သူငယ်ချင်းများထံသွားရန် လမ်းမအမှောင်ရိပ်တွင် စကတ်တိုတိုဝတ်ပြီး ကားငှားသည့် မြင်ကွင်းမှာ မိခင်အတွက် စိတ်အဆင်းရဲဆုံးဖြစ်မည်ဟုထင်ကြောင်း သူက ဖွင့်ဟသည်။

ရင်သားခွဲစိတ်ကုသမှုခံယူခြင်း
မထက်ကျော်ကြားမှုထဲတွင် မို့မောက်ပြည့်ဝန်းသည့် ရင်သားအလှကလည်း နာမည်ကြီးသည်။ ကျားနှင့်မကို အဓိကခွဲခြားပေးသော အစိတ်အပိုင်းကို မထက်က ရယူဖို့ဆုံးဖြတ်ခဲ့သည်။ နေမကောင်း၍ ဆေးခန်းသွားလျှင်ပင် ဆေးထိုးအပ်ကိုကြောက်သော မထက်တစ်ယောက် ချိုင်းအောက်ကခွဲ၍ နံရိုးများကိုဆွဲခွာပြီး ကြွက်သားများအောက်အတွင်း ဆီလီကွန်တုံးများထည့်သည့် ရင်သားခွဲစိတ်မှုကို လှချင်လွန်းသောစိတ်၊ မိန်းကလေးပီသလိုသောစိတ်ဖြင့် ကုသမှုခံယူခဲ့ပါသည်။

တကယ်တမ်း ဒေါ်လာ ၃,၂၀၀ ကုန်ကျသော အဆိုပါခွဲစိတ်မှုခံယူချိန်မှာတော့ နာကျင်မှုက တစ်သက်မမေ့နိုင်စရာဖြစ်ခဲ့သည်။

‘‘နံရိုးနဲ့ ကြွက်သားတွေကို ခွာရတယ်။ ခွာတဲ့ဒဏ်ကြောင့် အသက်တောင်ရှူလို့မရဘူး။ လေဝင်သွားရင်ကိုနာတာ။ ရေလည်း သောက်လို့မရဘူး။ နာလွန်းလို့ အရင်က ဆုံးဖြတ်ထားတဲ့ Sex ချိန်းဖို့ကိုတောင် အဲဒီတုန်းက လုံးဝမစဉ်းစားချင်တော့ဘူး။ ချိုင်းကိုခွဲထားတော့ ပက်လက်ပဲနေရတယ်။ လက်ကိုသုံးလို့မရဘူး။ သူများထူမှထလို့ရတယ်။ နာကျင်မှုက ဘာနဲ့မှကိုပြောပြလို့မရဘူး။ ဒါပေမဲ့ ဒါကိုယ်ရွေးချယ်တဲ့အလုပ်။ ကောင်းတာဆိုးတာ ကိုယ်ခံရမယ်။ ဖြတ်ကျော်ရမယ်လို့ အားတင်းခဲ့တယ်’’ဟု မထက်က ခွဲစိတ်မှုအတွေ့အကြုံကို ပြောပြသည်။

ဘန်ကောက်ရန်ဟီးဆေးရုံတွင် ဆယ်ရက်ကြာ ချုပ်ရိုးများဖြေသည့်အချိန်မှ ခြောက်လအထိ ရင်သားများကို နှိပ်နယ်၍ အထိုင်ကျအောင် ပြုပြင်ခဲ့ရသည်။ ဤသို့ဖြင့် ကျောက်ခဲလို မာကျောနေသော ရင်သားများ တစ်နှစ်အကြာတွင် မွေးရာပါကဲ့သို့ ပျော့ပျောင်းလှပလာခဲ့သည်။

ခွဲစိတ်ပြီး မြန်မာပြည်ပြန်ရောက်ချိန်တွင် အဖေက ကျန်းမာရေးအခြေအနေ လာကြည့်သည်။ အမေကလည်း အရင်ကလောက် မတင်းမာတော့။ အများအထင်မသေးဘဲ လူရာဝင်ရန် ကိုယ့်အလုပ်ကိုယ်ကြိုးစားပြီး ဘဝကိုတည့်မတ်နေမှဖြစ်မည်ကို မထက် သဘောပေါက်သည်။ ကိုယ့်ဘဝကို ထူထောင်ရန် ကြိုးစားရုန်းကန်ပြီး မိန်းမလျာတစ်ယောက်အဖြစ် ပတ်ဝန်းကျင်က မျက်စိမနောက်အောင် အနေအထိုင် တည်တည်ကြည်ကြည်ဖြင့် နေခဲ့သည့်ရလဒ်က မိသားစုနှင့် ပြန်လည်ရင်ကြားစေ့နိုင်ခဲ့သည်။

‘‘ပတ်ဝန်းကျင်မှာ ကိုယ့်အနေအထိုင်ဟာ သူများမျက်စိနောက်စရာ ဖြစ်မလာတဲ့အခါမှာ မိဘကစပြီး ပထမဆုံးပြန်လက်ခံလာတယ်။ အမေဆို ယောက်ျားလိုဝတ်တုန်းကတောင် ကိုယ်နဲ့အတူမသွားဘူး။ သူ့အတွက် ရှက်စရာလို့ သူကမြင်တယ်။ တစ်ဘဝလုံးမှာ အမေက ကိုယ့်ကိုအရမ်းကြီးစိုးပြီး ခက်ထန်တဲ့မိဘမျိုးဖြစ်ခဲ့တယ်။ ဒါလည်း သားသမီးလမ်းမှားရောက်မှာစိုးရိမ်လို့ လုပ်ခဲ့တာ။ ကိုယ်နဲ့ အတိုက်အခံတွေ အများကြီးဖြစ်ခဲ့တယ်။ အခုဆို အမေက ဂါဝန်ဝယ်တာကအစ သူရွေးပေးတယ်။ နင်နဲ့လိုက်တဲ့ ပိုက်ဆံအိတ် ငါဝယ်လာတယ်ဆိုပြီး သူက ဆင်တဲ့ပုံစံမျိုးတောင် ဖြစ်လာတယ်’’ဟု မထက်ကဆိုသည်။

နာမည်တစ်လုံးအတွက် ရုန်းကန်ခဲ့ရချိန်
ဘဝတူအချို့၏ တိုက်ခိုက်ဝေဖန်ပြောဆိုမှုများကလည်း မထက်အတွက် အောင်မြင်ရန် တွန်းအားဖြစ်စေခဲ့သည်။ ဆံပင်၊ မိတ်ကပ်ပညာ စသင်ယူကတည်းက ထိုင်းသင်တန်းဆရာများ၏ သင်ပြမှုကို ကောင်းကောင်းရခဲ့၍ သူ့လက်ရာများက ပြည်တွင်းအလှဖန်တီးရှင်များနှင့် တစ်ဘာသာကွဲပြားသည်။ စလုပ်ကတည်းက မြန်မာမိတ်ကပ်အသိုင်းအဝိုင်းနှင့် မထိတွေ့ခဲ့ရဘဲ အစိမ်းသက်သက်ဖြစ်၍ ပြည်တွင်းက မိတ်ကပ်သမားတို့နှင့် တွေးခေါ်လုပ်ကိုင်ပုံချင်းကအစမတူ။ အသက်(၃၀)လောက်အထိ ယောက်ျားစစ်စစ်လိုနေခဲ့၍ မိန်းမလျာအပေါင်းအသင်းကလည်းမရှိ။ ထို့ကြောင့် မထက်၏ မိတ်ကပ်ဖန်တီးရှင်ဘဝအစက အင်မတန်ခက်ခဲခဲ့သည်။

‘‘ဘာတွေလိမ်းမှန်းမသိဘူးဆိုပြီး အရမ်းအပြောခံရတယ်။ ကိုယ်ကတော့ ဘယ်သူပဲတွေ့တွေ့ ကိုယ့်နိုင်ငံက မိတ်ကပ်ဆရာတွေက ကိုယ့်ဆရာပဲ။ လေးလေးစားစား ဆက်ဆံတယ်။ မြန်မာဆံထုံး ထုံးတာဟာလည်း ဒီမဂ္ဂဇင်းတွေကိုကြည့်ပြီး သင်ယူခဲ့ရတာ။ ကိုယ်ကပြုံးပြပေမယ့် ခါးခါးသီးသီး တိုက်ခိုက်ကြတယ်။ ကိုယ်က နိုင်ငံခြားပုံတွေကြည့်ပြီး လေ့လာလုပ်တယ်။ အဲဒါ ငါမှားနေလားလို့ ပြန်မေးတယ်။ အဲဒီအချိန်မှာ မြန်မာမှာ ခေတ်စားတဲ့ မိတ်ကပ်နဲ့ ကိုယ်လိမ်းတာက အရမ်းဟတော့ ပြန်ပြန်ညှိရတယ်။ ခေတ်စားနေတဲ့ လိမ်းခြယ်နည်းနဲ့ ကိုယ်ဖြစ်ချင်တာကို ရောရောလိမ်းတယ်။ အဲဒီမှာ မြန်မာကြိုက်ဖြစ်လာတယ်။ တဖြည်းဖြည်းနဲ့ မော်ဒယ်မင်းသမီးတွေအပြင် အပြင်ဧည့်သည်တွေကပါ လက်ခံလာတယ်’’ဟု မထက်ကပြောသည်။

လက်ရှိတွင် မထက် ပင်တိုင်တာဝန်ယူပြင်ဆင်ပေးနေရသည့် အနုပညာရှင်များက အောင်ရဲလင်း၊ ဖြူဖြူကျော်သိန်း၊ ခင်ဝင့်ဝါ၊ နီနီခင်ဇော်၊ ဝင့်ယမှုံလှိုင်၊ သန္တာဗိုနှင့် တက်သစ်စမော်ဒယ်အများစုဖြစ်သည်။

မထက်နှင့်အချစ်
ဂေးတစ်ယောက်အတွက် အချစ်ဆိုတာ ကျိန်စာတစ်ခုလိုပင် ဖြစ်သည်ဟု မထက်က ဆိုသည်။ မိန်းကလေးတစ်ယောက်ကို လုံးဝမချစ်နိုင်သည့် မထက်တစ်ယောက် ဦးဦးဖျားဖျား ချစ်ခဲ့မိသည်က မိန်းကလေးတွေကြား ရေပန်းစားသည့် ယောက်ျားလေးတစ်ယောက်။ ဒီတော့ အဆုံးသတ်မှာ မထက်ပင် အသည်းကွဲခဲ့ရသည်။

‘‘ကိုယ်ချစ်မိတာက မိန်းကလေးတွေကြားမှာ အရမ်းကိုရေပန်းစားတဲ့ ယောက်ျား။ သူကြိုက်တာက မိန်းကလေးလေ။ ကိုယ့်ကို ခင်ရုံပဲခင်တာ။ မိန်းကလေးလိုနေရင် သူ ငါ့ကို ပိုစိတ်ဝင်စားနိုင်မလား မသိဘူးဆိုပြီး သူ့အကြိုက်တွေ အကုန်လျှောက်ဝတ်တာ။ သူက ကောင်မလေးမှတ်နေတာ ဘာညာပြောရင် ဝမ်းသာတယ်။ အခုတော့ သူအိမ်ထောင်ပြုသွားပါပြီ’’ဟု မထက်ကဆိုသည်။

လက်ရှိမှာတော့ အရာရာကို ဦးဆောင်မှုပေးနိုင်ပြီး နားလည်မှုရှိသည့် ချစ်သူတစ်ယောက် မထက်တွင် ရှိသည်။ အဆင့်အတန်းရှိသည့် လူကြီးလူကောင်းလုပ်ငန်းရှင်ဖြစ်ပြီး မိသားစုကလည်း လက်ခံသည်။

‘‘အခုရည်းစားဆို အရာရာ ကိုယ့်ထက် ဦးဆောင်နိုင်တယ်။ အများစုက မိန်းမလျာဆိုရင် ချူစားခံရတယ် ထင်ကြတယ်။ ထက်ကတော့ ကိုယ့်ဘာသာကိုယ်လှအောင်လည်း နေရသေးတယ်။ အားအားယားယား ယောက်ျားတွေကို ပိုက်ဆံတွေ ပေးမနေနိုင်ဘူး။ ဒါကြောင့် သင့်တော်တဲ့သူကို ရွေးချယ်ထားတယ်။ သူလည်း လုပ်ငန်းရှင်။ ကိုယ့်ကိုနားလည်တယ်။ လူကြားသူကြားထဲသွားလို့ရတဲ့ အနေအထားမဟုတ်တော့ နားလည်မှုနဲ့ လက်တွဲကြတယ်။ အဆင့်အတန်းရှိတော့ မိဘတွေကလည်း လက်ခံတယ်’’ဟု မထက်က ကြည်နူးစွာဖြင့် လက်တွဲဖော်အကြောင်းကို ပြောပြသည်။

သူ့အသိုင်းအဝိုင်း၊ ကိုယ့်အသိုင်းအဝိုင်း သဘောချင်းညီ၍ သွားလာလက်တွဲ၍ရသော်လည်း မြန်မာပြည်ဖြစ်နေသည့်အတွက် နားလည်မှုမပေးနိုင်သော အသိုင်းအဝိုင်းများတွင်တော့ သွားလာရန် ဝန်လေးကြောင်း မထက်က ချစ်သူကို ငဲ့ညှာစကားဆိုသည်။

‘‘မတူတဲ့အသိုင်းအဝိုင်းကြားကျတော့ သူ့ကိုတိုက်ခိုက်စရာ၊ စော်ကားစရာ ဖြစ်သွားလိမ့်မယ်။ ဒါတောင် သူက လူကြီးလူကောင်း၊ လုပ်ငန်းတစ်ခုဦးဆောင်နေလို့ သူ့ကိုတိုက်ခိုက်မှုကနည်းတာ။ အရင် သူ့ရှေ့က ရည်းစားဆိုရင် လူငယ်ပိုင်းဖြစ်တော့ ကိုယ်လှတာကို လက်ခံနိုင်ကြပေမယ့် သူ့ကို ဝိုင်းစတာကို မခံနိုင်ဘူး။ လူပဲလေ။ နှဲ့ပါများတော့ သူလည်း စိတ်ထိခိုက်လာတာပေါ့’’ဟု မထက်ကပြောသည်။

နောင်ဘဝမှာ ယောက်ျားစစ်စစ် ဖြစ်ချင်တယ်။
သေသည်အထိ မိန်းမဘဝဖြင့်သာ အရိုးထုတ်မည်ဆိုသော်လည်း မထက်ငယ်ငယ်ကတည်းက ဘုရားရောက်တိုင်း ယောက်ျားစစ်စစ် ဖြစ်ပါစေဆိုသည့်ဆုကို အသည်းအသန်တောင်းခဲ့သည်။

‘‘ကလေးကတည်းက ဘုရားရောက်တိုင်းဆုတောင်းတာ ဒီဘဝမှာ ယောက်ျားစစ်စစ်ဖြစ်ပါစေလို့။ ကိုယ်ယောက်ျားမပီသတာ ကိုယ်အသိဆုံးလေ။ ဒီလိုဘဝမျိုးဟာ သူများက နှိမ်တာထက် အရင်ဆုံး ကိုယ့်မိဘကအစ နှိမ်ချင်တာလေ။ မဖြစ်ချင်ဘူးပေါ့’’ဟု မထက်ကဆိုသည်။

မထက်က ဗုဒ္ဓဘာသာပီပီ ကံ၊ ကံ၏အကျိုးကို လက်ခံသည်။ အရင်ဘဝက သူများအိမ်ရာကို ပစ်မှားဖျက်ဆီးမိ၍ ယခုဘဝတွင် ယောက်ျားစစ်စစ်ဖြစ်ပါလျက်နှင့် မိန်းမလျာဘဝကိုရောက်ရသည်ဟု မထက်က လက်ခံထားသည်။ ထို့ကြောင့် ကိုယ်ကျင့်တရားနှင့်ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် စည်းကမ်းချမှတ်သည်။ နောင်ဘဝသာရှိခဲ့ပါက လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံပြီး မိသားစုဘဝကို ကောင်းမွန်စွာထူထောင်ပေးနိုင်သည့် ထက်မြက်သော ယောက်ျားစစ်စစ်တစ်ဦး ဖြစ်လိုသည်ဟု မထက်ကပြောသည်။

အနာဂတ်ရည်မှန်းချက်
Hair Stylist မိတ်ကပ်ဆရာအဖြစ် နေရာရလာပြီးနောက် မထက်က ဖက်ရှင်ဒီဇိုင်နာအဖြစ်လည်း ကြိုးစားဦးမည်ဆိုသည်။

‘‘ဖက်ရှင်ဒီဇိုင်နာက ကလေးဘဝအိပ်မက်ပဲ။ ဒါကို ရအောင်ပြန်သွားဦးမယ်။ အရင်က ဒီဇိုင်နာလုပ်ခဲ့တယ်။ သုံးနှစ်လောက် ဟိုပြေးဒီပြေး ဘယ်မှာမှ မအောင်မြင်ဘူး။ ဆံပင်လည်းညှပ်။ အင်္ကျီကလည်းပြေးချုပ်။ မိတ်ကပ်ကလည်း လိမ်းရတယ်။ အဲဒါနဲ့ ဆလွန်းနဲ့ ဆံပင်ပိုင်းကို အဓိကကြိုးစားပြီး နာမည်ရလာမှ မိတ်ကပ်ကို ကြိုးစားတယ်။ မိတ်ကပ်ဆရာသီးသန့်အောင်မြင်လာပြီဆိုတော့ ဖက်ရှင်ဒီဇိုင်းပြန်လုပ်မယ်’’ဟု မထက်က ဆိုသည်။

မထက်အတွက် ဘဝဖြတ်သန်းမှုမှာ လောဘတကြီးမရှိပါ။ မိမိတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ထူထောင်ရင်း ကလေးတွေအများကြီး မွေးစားလိုသည်ဟုဆိုသည်။ တစ်ချိန်တွင် လိင်အင်္ဂါပြောင်းလဲခွဲစိတ်မှုကို ခံယူရန်လည်း ပြင်ဆင်ထားသည်။ အလှ၊ သိက္ခာ၊ ပညာမာနနှင့် ပေါင်းစပ်တည်ဆောက်ထားသော သူ့ဘဝကို မထက်က အလွန်ဂုဏ်ယူဟန်ဖြင့် ဘဝတူများကို ယခုလို အားပေးစကားပြောသည်။

‘‘ဂေးတွေက အရမ်းသနားဖို့ ကောင်းပါတယ်။ မိုးလင်း၊ မိုးချုပ် တစ်ယောက်ယောက်က ရိပ်မိသွားမလားဆိုတဲ့ ပူပန်မှုတွေပေါ့။ ကိုယ်တိုင်လည်း ဖြတ်သန်းဖူးတော့သိတယ်။ ဒါကြောင့် မိဘကို ထောက်ပံ့ပေးကမ်းနိုင်တယ်၊ အများကောင်းကျိုးရော ကိုယ့်ကောင်းကျိုးရော လုပ်နိုင်တဲ့လူတစ်ယောက်ဖြစ်လာရင် ဒါတွေက ကြောက်စရာမဟုတ်ဘူးလို့ အားပေးတယ်’’

Credit : 7Day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top