iMyanmarHouse.com - Best Property Website for Myanmar
×














ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေ၊ ဦးတည်ချက်တွေ ဒါတွေကအားလုံးကိုတော့ ငယ်ကတည်းက ခဏခဏကြားဖူးကြမှာပါ။ ဒါပေမယ့် နောက်ဆုံးအချိန်ကျရင် အောင်မြင်မှုတွေရရှိစေမှာလား၊ နောင်တတွေရရှိစေမှာလားဆိုတာ ပရိသတ်ကြီး စဉ်းစားမိရဲ့လား။ တစ်ရက်ပြီးတစ်ရက် စိတ်ကူးတွေ၊ ရည်ရွယ်ချက်တွေမရှိပဲနဲ့ ရောက်တဲ့ရာရာကုန်ဆုံးနေမိလား။ ကိုယ့်ဘ၀ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကို ရှာဖွေနေတယ်ဆိုရင် ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကိုတော့ ထုတ်ဖော်ဖို့လိုပါတယ်။

ကိုယ်စိတ်ဝင်စားတဲ့အလုပ်ကို ဖော်ထုတ်တဲ့နေရာမှာ ပန်းပုဆရာတစ်ယောက်ကို ဥပမာထားပါ။ တဖြည်းဖြည်း ကျောက်သားတွေကို ထွင်းထုပြီး အတွင်းထဲက ထူးကဲကောင်းမွန်တဲ့ လက်ရာကို ပေါ်ထွက်လာစေပါတယ်။ ကိုယ့်ဘ၀ရဲ့ ရည်ရွယ်ချက်ဆိုတာက ကိုယ်တွင်းထဲမှာ ပုန်းကွယ်နေတဲ့ ထူးကဲကောင်းမွန်တဲ့ အရည်အချင်းလေးတစ်ခုပါ၊ ဒါကိုထွက်ပေါ်လာစေဖို့ ကိုယ်ကကြိုးစားရမှာပါ။

၁။       ကိုယ်ဘာဖြစ်ချင်လဲဆိုတာ ထုတ်ဖော်ပေးပါ။

ကိုယ့်အမြင်၊ စိတ်ကူးတွေကို ချရေးပါ။ ကိုယ့်ကောင်းကျိုးအတွက် အတုယူစရာကောင်းတဲ့ သူတွေရဲ့ အရည်အချင်း၊ ဂုဏ်ရည်များကို စာရင်းပြုစုပါ။ ကိုယ်ကဒီလိုလူမျိုးမဖြစ်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက်တွေ အားလုံးကို ခဏမေ့ထားပါ။ ကိုယ်ဖြစ်ချင်တဲ့သူမျိုးကို ချရေးလိုက်ပါ။ ဒါကအစပါပဲ။ ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ့်ရည်ရွယ်ချက်က ဘယ်လိုဖြစ်လာဖို့လဲဆိုတာ သိသွားပါတယ်။

၂။       လမ်းကြောင်းတစ်ခု ကိုစီမံကိန်းရေးဆွဲပါ။

အခုဆို ကိုယ်ကဘယ်ကို ဦးတည်နေလဲဆိုတာ သိသွားပြီလေ။ ဒါဆိုရင် မြေပုံတစ်ခုတော့လိုမှာပေါ့။ ကိုယ်ဘယ်ကိုရောက်ချင်လဲဆိုတာ မြင်ယောင်လိုက်ပါ။ ဦးတည်ရာကိုရောက်အောင် ဘယ်လိုသွားရမလဲဆိုတာ စီမံကိန်းစဆွဲပါ။ တစ်ခါကိုခြေတစ်လှမ်း လှမ်းရုံပါပဲ။ ကြိုးစားလည်းမရနိုင်တဲ့ ပန်းတိုင်မျိုးကိုတော့ မချနဲ့နော်။ ဒါကမဖြစ်လာနိုင်ဘူးလေ။ ဒါပေမယ့် ကိုယ်ကအင်အားစိုက်ထုတ်ပြီး ရောက်အောင်သွားရမယ့် ပန်းတိုင်မျိုးတော့ ဖြစ်ရမယ်။

၃။       ပထမခြေလှမ်း လှမ်းလိုက်ပါ။

ကိုယ့်ဘ၀ရဲ့ပန်းတိုင်ကို အရယူတဲ့နေရာမှာ အရေးကြီးတာတစ်ခုက ပထမခြေလှမ်းပါ။ အခုဆို ကိုယ့်ဆီမှာ ဦးတည်ချက်တစ်ခုနဲ့ မြေပုံတစ်ခုရှိနေပြီလေ။ နောက်တစ်ဆင့်အနေနဲ့ ပထမခြေလှမ်းစလှမ်းဖို့ပါပဲ၊ အပြင်းအထန်ကြီးမလိုသေးပါဘူး၊ အလေ့အထအသစ်လေးတစ်ခုအနေနဲ့ စရမှာပါ။ ဘာသာစကားတစ်ခုသင်မယ်၊ အားကစားတစ်ခုသင်မယ် စသဖြင့်ပေါ့။ ဟောဘစ်(Hobbit) ကိုရေးသားခဲ့တဲ့ စာရေးဆရာ တော်ကိန်း(Tolkein) ကပြောခဲ့ဖူးပါတယ်။ “လမ်းကြောင်းတစ်ခုက နောက်တစ်ခုကိုဦးဆောင်နေတယ်၊ ကိုယ်ဘယ်ကို ဦးတည်နေလဲဆိုတာ ကြိုမသိနိုင်တာမို့ သွားနေတဲ့ခရီးလမ်းကိုသာ ပျော်ပျော်ကြီးရင်ဆိုင်လိုက်ပါတဲ့”

၎။       ဆင်ခြေတွေကို လျစ်လျူရှုထားပါ။

တခါတရံ ဆင်ခြေတွေကို လျစ်လျူရှုပြီး ကိုယ့်စိတ်က စေညွှန်ရာအတိုင်း လိုက်လုပ်ပါ။ ကိုယ်ခံစားချက်ကပြောတဲ့ အတိုင်းလိုက်လုပ်တဲ့အခါ စဉ်းစားဆင်ခြင်တတ်တဲ့ ဦးနှောက်က ကိုယ့်ကိုလမ်းညွှန်ပေးပါလိမ့်မယ်။ တခါတရံမှာတော့ ဆင်ခြေတွေက မှန်ကန်ပေမယ့် တကယ်တော့ ကိုယ့်စိတ်လိုလားချက်ကသာ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို လမ်းပြပေးနိုင်တာပါ။

၅။       အကြောက်တရားတွေကို ကျော်လွှားလိုက်ပါ။

မရောက်ဖူးတဲ့ ခရီးတစ်ခုထဲမှာ စွန့်စားပြီး ရွက်လွင့်မယ်ဆိုရင် ပထမတော့ ဘယ်ကရောက်လာမှန်း မသိတဲ့ ကြောက်စိတ်တွေထွက်ပေါ်လာမှာပဲ။ ဒီအကြောက်တရားတွေကို ရင်ဆိုင်လိုက်ပါ၊ ကျော်လွှားနိုင်သွားပါလိမ့်မယ်။ ကြိုမသိနိုင်တဲ့ အကြောက်တရားတွေက သင့်ရည်မှန်းချက်ဆီသွားတဲ့အခါမှာ အတားအဆီးတစ်ခု အဖြစ်မခံပါနဲ့။

၆။       စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာတွေဖတ်ပေးပါ။

ကိုယ်ရည်မှန်းချက်ပန်းတိုင်အတိုင်း လျှောက်လှမ်းနေတဲ့အခါ ကိုယ့်ကို ပိတ်ပင်တားဆီးနိုင်မယ့်အရာကတော့ ကိုယ့်ကိုယ်ကို သံသယဖြစ်ခြင်းပါပဲ။ ဒီလို ဒုက္ခပေးမယ့် သံသယတွေကနေ ကာကွယ်နိုင်ဖို့က အရေးကြီးပါတယ်။ အခက်အခဲတွေ၊ အတားအဆီးတွေကြားက ကိုယ့်လမ်းကိုယ်ဖောက်ပြီး အောင်မြင်မှုရရှိခံတဲ့ သူတွေအကြောင်းဖတ်ပေးပါ။ အရက်ဖြတ်နိုင်ခဲ့တဲ့ အရက်စွဲလမ်းသူတွေရဲ့ဘ၀ကစပြီး နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဘ၀အကြောင်းထိ ကိုယ့်အတွက် ခွန်အားဖြစ်စေမယ့် စာမျိုးစုံဖတ်ပေးပါ။ ဒါမှကိုယ်စိတ်ထဲမှာ ဖြစ်နိုင်ချေရှိတာတွေ ပိုပြီးတိုးလာပြီး အရာရာကို ဖြစ်အောင် လုပ်နိုင်လာပါတယ်။

၇။       ကိုယ့်ဘ၀ရဲ့ရည်ရွယ်ချက်ကို ရှာတဲ့အခါ ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာက အဖြေပါပဲ။

ကိုယ့်ရည်မှန်းချက်ပန်းတိုင်က ကိုယ့်ကို အမှန်တကယ် ၀မ်းသာပီတိဖြစ်စေနိုင်ရမယ်။ ကိုယ်လုပ်ခဲ့တာတွေ ကိုယ်ရရှိခဲ့တာတွေကို ပြန်ကြည့်တဲ့အခါ ဒီအချက်ကအရေးကြီးပါတယ်။ ဒါမှလည်း သူတပါးကိုကူညီခဲ့ရတဲ့အတွက် ၀မ်းသာပီတိဖြစ်ရတာမျိုး သို့မဟုတ် ကိုယ်ရရှိလိုက်တဲ့ ဆုတံဆိတ်တစ်ခုအတွက် ကျေနပ်ဂုဏ်ယူရတာမျိုးတွေ ဖြစ်လာနိုင်ရမှာပါ။

ကျွန်မတို့တွေအားလုံးက ကွဲပြားခြားနားကြပါတယ်။ ဒါကြောင့်လည်း လူတွေက စိတ်ဝင်စားဖို့ကောင်းကြတာပါ။

“ကိုယ့်စိတ်ကူးပန်းတိုင်ကို ရှာဖွေလိုက်ကြရအောင်”

Credit : Gandawin

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top