iMyanmarHouse.com - Best Property Website for Myanmar
×














လည်ဆွဲရတနာ ဆိုတာ အမျိုးသမီးတွေ တန်ဖိုးထားစွာ မြတ်မြတ်နိုးနိုး ဝတ်ဆင်ကြတဲ့ ရတနာတစ်မျိုးဖြစ်ပါတယ်။ ဒီရတနာလေးတွေဟာ  အမျိုးသမီးတို့ရဲ့အလှကျက်သရေကို တိုးပွားစေပြီး လူထုပရိသတ် မိတ်ဆွေများအလယ်မှာလည်း တင့်တယ်မှု ကိုပေးပါတယ်။ ဒါကြောင့်  အမျိုးသမီးတွေ ရဲ့ကျက်သရေဆောင် ရတနာပစ္စည်းတစ်မျိုးဆိုရင်လည်း မမှားပါ။ ဒါပေမယ့် မိမိတို့နဲ့လိုက်ဖက်မယ့် ပုံစံလေးတွေကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့တော့လိုပါတယ်။

ဒီလို မှန်ကန်စွာ ရွေးချယ် ဝတ်ဆင်နိုင်ဖို့ ကိုယ်ခန္ဓာ အချိုးအစား၊ မျက်နှာအနေအထား၊ လည်တံအနေအထား၊လည်ပင်းပုံစံတွေက အဓိက သော့ချက်တစ်ခုဖြစ်ပါတယ်။ဒီအတွက် အောက်ဖော်ပြပါလမ်းညွန်ချက်တစ်ချို့က အထောက်အကူကောင်းကောင်းပြု နိုင်ပါတယ်။

ဆွဲကြိုးတိုလေးတွေ ဝတ်ဆင်မှု
ဆွဲကြိုးတိုတိုလေးတွေအတွက်  ကြိုးအရှည်နဲ့ စတိုင်လ်ကို လည်ပင်းရဲ့ အရွယ်အစား၊ ကိုယ်ဟန်အနေအထားနဲ့ မျက်နှာပုံစံကို လိုက်ပြီး ဆုံးဖြတ်ပေးရပါတယ်။  အမျိုးသမီးတွေအတွက် အင်္ကျီ လည်ဟိုက်ဝတ်ဆင်ခြင်းဟာ လည်ဆွဲလှလှလေးတွေ ဝတ်ဆင်ဖို့ ပိုမို စိတ်ကူးရှိစေပါတယ်။ ဒါပေမယ့် လည် ပင်း အပိတ်အင်္ကျီလေးကိုဝတ်ဆင်ပြီး ဆွဲကြိုးလေးဆွဲခြင်းဟာ လည်းအင်္ကျီအပေါ်မှာ ဆွဲကြိုးလေးကိုကြွရွနေစေပါတယ်။တကယ်လို့ လည်တစ်ဝိုက်စာ ဆွဲကြိုး တိုတိုလေး ကို ဆွဲချင်တယ်ဆိုရင် လည်ပင်းအရိုးအောက်လောက်ထားပြီး ဝတ်ဆင်ခြင်း၊ ဒါမှမဟုတ် အင်္ကျီလည်ပင်းအပိတ်ပေါ်မှာ ထားပြီး ဝတ်ဆင်ခြင်းဟာ လည်ဆွဲလေးကို မြင်သာစေပြီး ဆင်မြန်းထားသူရဲ့ အလှကိုပိုမိုပေါ်လွင်စေပါတယ်။ အမှန်တကယ်တော့ လည်ဆွဲလေးတစ်ခုကိုဆွဲလိုက်တယ်ဆိုတာ မြင်သာလှပစေဖို့ဖြစ်ပြီး ဖုံးကွယ်နေဖို့မဟုတ်ဘူးဆိုတာ နားလည်နေဖို့လိုပါတယ်။

ဒါပေမယ့် ဆွဲကြိုးတိုတိုလေးတွေဆွဲကြတဲ့အခါ အဓိကအချက်အနေနဲ့ မျက်နှာနဲ့ဝေးလွန်းစွာဆင်မြန်းထားခြင်းမျိုးကိုရှောင်ရှားသင့်ပါတယ်။ ဆွဲကြိုါ်လေးရဲ့ ကျောက်မျက်ရတနာလေးတွေက လူရဲ့အလှကို ပိုမိုဝင့်ထည်တောက်ပြောင်စေတာကြောင့်ဖြစ်ပါတယ်။

ဆွဲကြိုးရှည်လေးတွေကို ဝတ်ဆင်မှု
ပုံမှန်အားဖြင့် ဆွဲကြိုးရှည်ရှည်လေးတွေကို ဆွဲတဲ့အခါ အတိုအရှည်ဆင့်ပြီး ဝတ်ဆင်ထားခြင်းဟာ တကယ့်ကိုကြည့်ကောင်းစေပြီး မျက်နှာရဲ့ဆွဲဆောင်မှုအားကို ဖြည့်စွက်ပေးစေပါတယ်။ ရင်အုံကြားလေးထဲမှာ တွဲလေးခိုပြီး ဖက်ရှင်အလှတစ်မျိုးဖြစ်စေပါတယ်။မျက်နှာပြည့်ပြည့်လေး ရှိသူတွေအတွက်  မျက်နှာ အလှကိုပေါ်လွင်စေဖို့  ဆွဲကြိုး ရဲ့ အရှည်ကို ရင်အုံအပေါ်လေးထိသာထားပြီး ဝတ်ဆင်ခြင်းဟာ  ပိုမိုဆွဲဆောင်မှု ရှိစေပါတယ်။

တကယ်လို့ ဆွဲ ကြိုးရှည်ရှည်လေးတွေကို ကြိုက်နှစ်သက်သူများအတွက် ဆွဲကြိုး ရဲ့ အရှည်ပေါ်မူတည်ပြီး ပုံစံအမျိုးမျိုး ပြောင်းလဲ ဝတ်ဆင်လို့ရနိုင်ပါတယ်။ ဥပမာ – ရှည်ရှည်လေးတစ်ပင်တည်း ပုံစံမျိုး ၊ ရင်ညွန့်တစ်ဝိုက်လောက်နားက စုချည်ပြီးတွဲလောင်းရှည်ရှည်ချထားခြင်းပုံစံမျိုး ၊ တစ်ပင်တည်း ရှည်ရှည်လေးကို နှစ်ခေါက်ချိုးပြီး  အရှည်တစ်ဆင့် အတိုတစ်ဆင့်ပုံစံဝတ်ဆင်နိုင်ခြင်း မျိုး၊ အတိုကနေအရှည် ထိ အဆင့်ဆင့်ပြင်ဆင်ကာ ကြိုး များစွာ ဝတ်ဆင်ထားသလိုပုံစံမျိုး ဝတ်ဆင်နိုင်ခြင်း တို့ဖြစ်ပါတယ်။

ဘယ်လို ကြိုးမျိုး  က မိမိအတွက် အလှဆုံးပုံစံဖြစ်စေမလဲ။
တကယ်လို့ သင်ဟာ လည်ပင်းတိုတယ်၊ ဒါမှမဟုတ် မျက်နှာဝိုင်းဝိုင်းလေးဖြစ်နေတယ်ဆိုရင် ဆွဲကြိုးလေး မှာ ပုတီးစေ့လေးတွေနဲ့ ပေါ့ပေါ့လေးဖြစ်စေမယ့် ပုံစံမျိုးဟာ ပိုမိုအဆင်ပြေစေပါတယ်။ဒါဟာ သင့်ရဲ့ ဝိုင်းနေတဲ့မျက်နှာလေးကို ရှည်ရှည်သွယ်သွယ်လေးပုံစံဖြစ်ပေါ်စေတာကြောင့်ပါ။ လည်တံရှည်တဲ့ အမျိုးသမီးတွေအနေနဲ့ ကတော့ ဆွဲကြိုးတိုတိုလေးတွေကို ဝတ်ဆင်ခြင်းဟာ ပိုမိုဆွဲဆောင်မှုဖြစ်စေပြီး အလှကျက်သရေကိုတိုးစေပါတယ်။

အဓိကအားဖြင့် အမျိုးသမီးတွေအနေနဲ့ နေရာဒေသကိုလိုက်ပြီး ဝတ်ဆင်ရမယ့် ဖက်ရှင်ဒီဇိုင်းကိုသိရှိနားလည်ထားခြင်း ဟာ မိမိနဲ့လိုက်ဖက်မယ့် ပစ္စည်းလေးတွေကို ရွေးချယ်ရာ မှာ မှန်ကန်ထိရောက်မှုရှိစေတာအမှန်ဖြစ်ပါတယ်။

အမျိုးသမီးတွေအနေနဲ့ လည်ဆွဲလေးတွေ ဝတ်ဆင်တဲ့အခါ မိမိအဝတ်အစားနဲ့လိုက်ဖက်ပြီး မျက်နှာအလှကို အထောက်အကူပြု စေမယ့် အရာကို ရွေးချယ်ဖို့လိုပါတယ်။ လိုက်ဖက်တဲ့ လည်ဆွဲလေးနဲ့အတူ သင့်တော်တဲ့ အဝတ်အထည်ရဲ့ ပေါင်းစပ်မှုက အမျိုးသမီးတွေအတွက် ကျက်သရေရှိစေပြီး မျက်နှာ အလှကို ပွင့်လန်းစေပါတယ်။

Credit : Yangon Life

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top