iMyanmarHouse.com - Best Property Website for Myanmar
×
ရုံးမှာ တစ်နေ့တစ်နေ့ အချိန်ပိုတွေ ဆင်းနေရခြင်းသည် ၀န်ထမ်း အတော်များများ ကြုံရသော ကိစ္စ ဖြစ်သည်။ အချိန်ပိုဆင်းရ ခြင်းကြောင့် အချိန်ပိုကြေး ခံစားရသည် မှန်သော်လည်း အလုပ်ချိန် တစ်နာရီ ပိုလာတိုင်း နှလုံး ကျန်းမာရေး အတွက် ဆိုးကျိုး တစ်ရာခိုင်နှုန်း ပိုများလာသည်ဟု သုတေသီတို့က သတိပေး ထားသည်။
          တစ်ပတ်လျှင် ပျမ်းမျှ အလုပ်ချိန် (၄၅) နာရီထက် ပိုလုပ်သူများ ရေရှည်မှာ နှလုံး ကျန်းမာရေး ထိခိုက် နိုင်သည်ဟု တက္ကဆက်ပြည်နယ် တက္ကသိုလ် ကျန်းမာရေး သိပ္ပံဌာနမှ ရောဂါဗေဒ ဆိုင်ရာ လက်ထောက် ပါမောက္ခ ဒေါက်တာ ဆာဒီကွန်ဝေးနှင့် အဖွဲ့က သတိပေးသည်။ တစ်ပတ် တစ်ပတ် တစ်နာရီ ပိုလုပ်တိုင်း လုပ်တိုင်း ဆိုးကျိုးက တိုးသထက် တိုးလာရသည်ဟု သုတေသီတို့က ဆိုထားသည်။
          တစ်ပတ်လျှင် နာရီ(၄၀)မှ (၄၅)နာရီကြား အလုပ်လုပ်သော ရုံးဝန်ထမ်း တို့သည် နှလုံးရောဂါ ဖြစ်ပွား နိုင်ခြေ အနည်းဆုံးဟု ဒေါက်တာ ကွန်ဝေးက ပြောသည်။ အလုပ်ခွင်နှင့် ကျန်းမာရေး လေ့လာမှု အတွက် ကုမ္ပဏီ ၀န်ထမ်း(၁၉၀၀)အား လေ့လာထားခြင်း ဖြစ်သည်။ စစ်တမ်း ပါဝင်သူ များသည် လုပ်သက် (၁၀) နှစ် အထက်ရှိ သူများ ဖြစ်သည်။ ထိုသူများ အလုပ်ချိန်နှင့် နှလုံးရောဂါ ဖြစ်ပွားနှုန်းများကို နှိုင်းယှဉ် စစ်တမ်း ပြုထားခြင်း ဖြစ်သည်။
          ပြီးခဲ့သည့် ဆယ်နှစ်အတွင်း တစ်ပတ် (၅၅) နာရီ အလုပ်ဆင်းရသူ တို့သည် (၄၅) နာရီသာ ဆင်းရ သူတို့ နှင့်ယှဉ်လျှင် နှလုံးဆိုးကျိုး ဖြစ်နိုင်ခြေ (၁၆) ရာခိုင်နှုန်း ပိုများ လာကြောင်း တွေ့ရသည်။ တစ်ပတ် နာရီ (၆၀) ခန့် အလုပ်ဆင်း ရသူက နှလုံးထိခိုက်နိုင်ခြေ (၃၅) ရာခိုင်နှုန်းထိ ပိုများလာကြောင်းလည်း သိရသည်။ စစ်တမ်း ရလဒ် အသေးစိတ်ကို Occupational and Environmental Medicine ဂျာနယ်တွင် ထည့်သွင်းဖော်ပြ ထားသည်။
Credit:Messenger
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top