iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးများ မိမိရင်သားကို လစဉ်ပုံမှန်စစ်ဆေးခြင်းသည် ရင်သားကင်ဆာကို အကောင်းဆုံးကာကွယ်နည်းတစ်ရပ်ဖြစ်ကြောင်း ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းဥက္ကဋ္ဌ ကင်ဆာဆေးကုသမားတော်ကြီး ပါမောက္ခဒေါ်ရင်ရင်ထွန်းက ပြောသည်။

၇၀ ရာခိုင်နှုန်းသော ကင်ဆာရောဂါများသည် ကြိုတင်ကာကွယ်၍မရဘဲ ရောဂါဖြစ်လျှင် ဖြစ်ချင်းစောစီးစွာ တွေ့နိုင်မှသာ အသက်ရှင်ခွင့် ရာခိုင်နှုန်းများမည် ဖြစ်ကြောင်း၊ ရင်သားကင်ဆာသည် ကာကွယ်ရန်ခက်ခဲသည့် ရောဂါဖြစ်သော်လည်း ရောဂါကို စောစီးစွာ တွေ့ရှိလျှင် ပျောက်ကင်းနိုင်ခြေ အခွင့်အလမ်း ပိုများကြောင်း ၎င်းက ဆိုသည်။

‘‘ရင်သားကင်ဆာကြောင့် သေဆုံးမှုဟာ ကမ္ဘာတစ်ဝန်းမှာလည်း မြင့်တက်နေတယ်။ မြန်မာနိုင်ငံမှာလည်း ဖြစ်ပွားနှုန်းများသလို သေနှုန်းလည်း များတယ်။ ဒါကို ဘယ်လိုလျှော့ချမလဲ။ ရင်သားကင်ဆာက ဒါလုပ်ရင် ကြိုတင်ကာကွယ်လို့ရတယ်ဆိုပြီး ပြောလို့မရဘူး။ စောစီးစွာ တွေ့ရှိခြင်းသည်သာ အကောင်းဆုံးကာကွယ်ခြင်းဖြစ်တယ်။  ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်းအနေနဲ့ ပျောက်ကင်းနိုင်ခြေရှိတဲ့ ရင်သားကင်ဆာအဆင့်(၁)နဲ့ (၂)ကို ဦးစားပေးကုပေးတယ်။ အခုချိန်ထိ ရင်သားကင်ဆာလူနာ ၇၃ ဦးကို အခမဲ့ကုသပေးပြီးဖြစ်တယ်’’ဟု ပါမောက္ခဒေါ်ရင်ရင်ထွန်းက ဆိုသည်။

ထို့ကြောင်း အမျိုးသမီးများ မိမိရင်သားကို လစဉ် ပုံမှန်စစ်ဆေးပေးရန် လိုအပ်သည်။ ရင်သားနှင့် ချိုင်းတွင် မသင်္ကာဖွယ် အလုံးအကျိတ်၊ အဖုများစမ်းမိခြင်း၊ ရင်သားပုံသဏ္ဌာန်ပြောင်းလဲလာခြင်း၊ နို့သီးခေါင်းမှ သွေးရည်ထွက်ခြင်း၊ ရင်သားအရေပြားအရောင် ပြောင်းလဲလာခြင်း၊ ရောင်ရမ်းခြင်းများ ဖြစ်လာလျှင် တက်ကျွမ်းနားလည်သည့် ဆရာဝန်များနှင့် အမြန်ဆုံးပြသရန် လိုအပ်ကြောင်း ဆေးပညာရှင်များက အကြံပြုထားသည်။

အကယ်၍ ကင်ဆာဟု သံသယရှိပါက ဆရာဝန်က အသားစယူ ၍ ကင်ဆာဟုတ်၊ မဟုတ် စစ်ဆေးအဖြေထုတ်ပြီး ရောဂါဖြစ်တည်မှု အဆင့်အခြေအနေကို သတ်မှတ်ကာ လိုအပ်သောကုသမှုပေးမည် ဖြစ်သည်။ ကင်ဆာရောဂါများတွင် အဆင့်(၁)၊ (၂)၊ (၃)၊ (၄) ဟူ၍ သတ်မှတ်ထားသည်။

‘‘ကင်ဆာကုသရာမှာ ခွဲစိတ်ခြင်း၊ ဆေးသွင်းခြင်း၊ ဓာတ်ရောင်ခြည်ကုထုံး၊ ဟော်မုန်းများဖြင့် ကုသခြင်း၊ ဆေးဝါးများဖြင့် ကုသခြင်း၊ မျိုးရိုးဗီဇကုထုံးများ စသဖြင့် နည်းလမ်းတွေ အများကြီးရှိတယ်။ လူနာရဲ့ရောဂါအခြေအနေပေါ်မူတည်ပြီး သင့်လျော်တဲ့ ကုထုံးနဲ့ ကုပေးတယ်။ ဒီနေရာမှာ တချို့လူနာတွေက ဓာတ်ရောင်ခြည်နဲ့ ကုတာကို လူနာအခြေအနေ နောက်ဆုံးအဆင့်ရောက်လို့ ကုတာလို့ ထင်နေကြတယ်။ ဒါဟာမဟုတ်ပါဘူး။ ရောဂါကုသမှုအတွက် လိုအပ်တဲ့အချိန်မှာ သုံးတဲ့ကုထုံးတစ်ခုပဲဖြစ်တယ်’’ဟု ဓာတ်ရောင်ခြည်အထူးကုဆရာဝန်ကြီး ဒေါက်တာမေကြည်က ဆိုသည်။

ရင်သားကင်ဆာကုသရာတွင် ရောဂါအဆင့်အလိုက် ငါးနှစ်သက်တမ်းဖြင့် ပျောက်ကင်းနိုင်မှု တွက်ချက်ရာတွင် ရောဂါအဆင့် (၁)တွင် ပျောက်ကင်းနိုင်မှု ၈၅ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်း၊ ရောဂါအဆင့်(၂)တွင် ၆၅ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း၊ ရောဂါအဆင့်(၃)တွင် ၃၅ ရာခိုင်နှုန်း၊ ရောဂါအဆင့် (၄)တွင် ၁၀ ရာခိုင်နှုန်းသာ ပျောက်ကင်းနိုင်ခြေရှိကြောင်း သိရသည်။

Credit : 7 Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top