iMyanmarHouse.com - Best Property Website for Myanmar
×

ဒီကနေ့ မြို့ပြနေ မြန်မာမိဘ အများစုကို ကြည့်လိုက်ရင် သူတို့ သားသမီးတွေကို ဘယ်လို ဖြည့်ဆည်းပေး၊ ဂရုစိုက်ပေးပြီး မေတ္တာထားကြောင်း ပြရမလဲဆိုတဲ့ ပုံစံတွေ အတွေ့ရ များလာတယ်။
တချို့ဆို တစ်နေကုန် ကိုယ့်သား၊ သမီး ကျောင်းကြို၊ ကျောင်းပို့၊ ကျူရှင်ကြိုပို့နဲ့ပဲ တစ်နေကုန်သွားတဲ့ မိဘမျိုးတောင် ရှိလာတယ်။ ကျောင်းလိုက်ပို့ရင်လည်း လွယ်အိတ်၊ ထမင်းဘူး၊ ရေဘူးကအစ အကုန်သယ်ပေးတယ်။ မုန့်စားနားချိန်၊ ထမင်းစားနားချိန်မှာ ပါးစပ်ထဲကို ခွံ့ကျွေးတယ်။ တတ်နိုင်တဲ့ မိဘတချို့ဆို ကလေးက တောင်းတာမှန်သမျှ လိုလေးသေး မရှိအောင် အချိန်မဆိုင်း ရှာပေး၊ ဝယ်ပေးကြတယ်။

တကယ်တမ်း ဆန်းစစ်ကြည့်တော့ သား၊ သမီးတွေ သူတို့အပေါ် ချစ်ခင်တာ၊ အားကိုးတာကို လိုချင်တဲ့အတွက် မိဘဝတ္တရားရှိလို့ ဖြည့်ဆည်းပေးတယ်ဆိုတဲ့ အချက်နဲ့ ဖုံးကွယ်ဖို့ ကြိုးစားနေကြသလားလို့။ တစ်ခါတစ်ခါကျတော့ သူတို့ ပူဆာတဲ့အသံကို နားအညည်း မခံနိုင်လို့ ဝယ်ပေးတာမျိုးလည်း ရှိတယ်။

တည့်တည့်ပြောရရင် သူတို့ အတ္တကို အရင်ဦးစားပေးပြီး လူအများရှေ့မှာ မော်ချင်၊ ကြွားချင်တဲ့စိတ်၊ နားပူနားဆာ လုပ်တာကို သည်းမခံနိုင်တဲ့စိတ်၊ ကိုယ့်ကို ပိုချစ်လာလိမ့်မယ်ဆိုတဲ့ စိတ်နဲ့ လိုတာ ဖြည့်ဆည်းပေးနေကြတာ များတယ်။

စောစောပိုင်း ငယ်နုစဉ် ကာလမှာတော့ ဒီလိုဖြည့်ဆည်းပေးတာမျိုးက သိပ်ပြဿနာ ရှိတယ်လို့ မထင်ရဘူး။ အချိန်တန် နားညည်း သက်သာသွားတာကိုး။ ငယ်ကတည်းက တောင်းတိုင်းရနေတဲ့ ကလေးတွေမှာ တဖြည်းဖြည်း အသက်ကြီးလာတဲ့အခါ ပြဿနာတွေ အများကြီး ရှိသွားနိုင်တယ် ဆိုတာကို အတော်များများ မသိကြဘူး။

ပထမပြဿနာက လွယ်လွယ်တောင်းရင် လွယ်လွယ်ရတဲ့အတွက် ဘယ်အရာကိုမှ တန်ဖိုးထားရကောင်းမှန်း မသိတော့ဘူး။ တောင်းတဲ့အချိန်မှာ ချက်ချင်းရတဲ့အတွက် အဲဒီပစ္စည်း တစ်ခုခုအတွက် စိုက်ထုတ်ရမယ့် အချိန်၊ ငွေ၊ လုပ်အားသဘော နားမလည်တော့ဘူး။ လွယ်လွယ်ရတော့ လွယ်လွယ်မေ့ ဆိုသလိုပေါ့။ ကိုယ်ပိုင် အင်အား၊ အစွမ်းအစ မထုတ်ချင်တော့ဘူး။ ကိုယ်စွမ်း၊ ဉာဏ်စွမ်းနည်းရာကနေ တုံးသွားနိုင်တဲ့အထိ ပြဿနာ ရှိသွားတတ်တယ်။

ဒုတိယပြဿနာက လောကကြီးရဲ့ အပေးအယူ သဘောကို လက်တွေ့ကျကျ နားမလည်တော့ဘူး။ ဆိုလိုတာက ဘယ်အရာကိုပဲဖြစ်ဖြစ် ကိုယ်လိုချင်တာ တစ်ခုခုရှိရင် အဲဒီလိုချင်တာနဲ့ ညီမျှတဲ့ ကြိုးစားအားထုတ်မှု တစ်ခုခု ကိုယ်က ပြန်ပေးရတယ်ဆိုတာ မသိတော့ဘူး။
ကြာလာတဲ့အခါ ယနေ့ မြန်မာလူငယ်တချို့ အလုပ်ကို ခါးချိုးမလုပ်ချင်တော့ဘူး။ ဘယ်ကနေ ငွေလွယ်လွယ်ရမလဲ ဆိုတာမျိုးပဲ ရှာလာကြတယ်။ ရလာရင်လည်း ရတဲ့ငွေကို ဘီယာဆိုင်၊ အရက်ဆိုင်နဲ့ ကေတီဗီလို နေရာမျိုးတွေ၊ အဝတ်အစား အသုံးဆောင်ပစ္စည်း ဝယ်ပစ်လိုက်တာမျိုးတွေမှာ အလွယ်တကူ သုံးပစ်လိုက်တတ်ကြတယ်။

တချို့ဆို မိဘတွေကိုယ်တိုင် ကိုယ့်သားသမီးကို လွယ်လွယ်ငွေရတဲ့ လမ်းရှာပေးပြီး အတင်းဇွတ်လျှောက်ခိုင်းတာမျိုး အထိပါ တွေ့လာရတယ်။
ဒါတွေ အဖြစ်များလာရင်၊ လူငယ်အများစုကို ကူးစက်လာရင် သူများနောက်မှာ အများကြီး ပြတ်ကျန်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံ သူများကိုမီဖို့ နေနေသာသာ ကိုယ့်ဘာသာ နောက်လန်ကျမသွားအောင် မနည်းထိန်းနေရတာနဲ့တင် အချိန်ကုန်သွားမယ်။

ဒီနေ့သိရင် ဒီနေ့ပြင်လို့ ရတယ်။ သားသမီးကို တကယ်ချစ်တဲ့ မိဘဆိုရင် ကလေးတွေ ကိုယ့်အားကိုယ်ကိုးတတ်အောင် အစစအရာရာ လိုက်လုပ်မပေးသင့်ဘူး။ ကိုယ်စွမ်းကိုယ်စ ရှိအောင် တာဝန်တစ်ခုခု ယူချင်စိတ်ရှိအောင် ငယ်ကတည်းက သူတို့လုပ်နိုင်တဲ့ ကိစ္စတွေ သူတို့ဘာသာ လုပ်ခိုင်းရမယ်။ နိုင်တဲ့ တာဝန်တစ်ခုခုပေးပြီး နေ့စဉ် အချိန်မှန်မှန် မပျက်မကွက် လုပ်ဖို့ လေ့ကျင့်ပေးရမယ်။

သူက ပူဆာလို့ ဝယ်ပေးချင်ရင်တောင် အိမ်မှုကိစ္စ နေ့စဉ် ဘာဝိုင်းလုပ်ရင် ဘာပေးမယ်၊ အတန်းထဲမှာ ပ၊ ဒု၊ တ ဝင်ရင် ဘာရမယ်၊ စကားရည်လုပွဲ၊ အားကစားပွဲများ ဝင်ပြိုင်ရင် ဘာဝယ်ပေးမယ် စတဲ့ မက်လုံးတစ်ခုခုပေးပြီး လောကကြီးမှာ ဘာမှ အလကားမရဘူး ဆိုတဲ့အသိ စွဲသွားအောင် တည့်ပေးရမယ်။
မိဘတွေအနေနဲ့ ငယ်တုန်းက အလိုလိုက်ချင်သလို လိုက်ခဲ့ပြီးမှ ကြီးလာလို့ ထိန်းမနိုင်သိမ်းမရ ဖြစ်တဲ့အခါ သားဆိုး၊ သမီးဆိုး စာရင်းသွင်း၊ အမွေပြတ်စွန့်လွှတ်၊ အိမ်ပေါ်ကနှင်ချ လုပ်တာမျိုးက မိဘတာဝန်၊ သမိုင်းပေး လူမှုတာဝန်နဲ့ မျိုးဆက်တာဝန် မကျေတဲ့ ခပ်ညံ့ညံ့ နိုင်ငံသားတွေ ဖြစ်သွားမယ်ဆိုတာ သိစေချင်တယ်။

Credit : The Voice Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top