iMyanmarHouse.com - Best Property Website for Myanmar
×

နွေရာသီကို တဖြည်းဖြည်းချင်း ချဉ်းနင်းဝင်ရောက်လာချိန်မှာ မြန်မာနိုင်ငံရဲ့ နေရာဒေသ အတော်များများမှာတော့ အပူဒဏ်ကို ခံစားနေရပါပြီ။ နေ့လယ်ဘက်တွေမှာ ပူပြင်းတဲ့ဒဏ်ကြောင့်လည်း အပူရှပ်တာ၊ ဖျားနာတာနဲ့ ချွေးထွက်များတာတွေကို ကြုံရနိုင်ပါတယ်။ နွေရာသီရဲ့ ပူပြင်းမှုဒဏ်အောက်မှာ ကျန်းမာနေစေဖို့အတွက် ရေများများသောက်ဖို့ လိုပါတယ်။ ပြီးတော့ အပူဒဏ်ကို သက်သာစေမယ့် သစ်သီးတွေလည်း စားပေးရပါမယ်။

၁။ ဖရဲသီး

နွေရာသီရဲ့ ဖွားဖက်တော်သစ်သီးလို့တောင် ပြောနိုင်ပါတယ်။ ဖရဲသီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်း ပါ​ဝင်ပြီး ချိုအေးတဲ့ အရသာကြောင့် လူတိုင်းနှစ်သက်ကြမှာပါ။ ဆုံးရှုံးသွားတဲ့ရေဓာတ်ကို အမြန်ဆုံး ဖြည့်တင်းပေးနိုင်တဲ့အပြင် လိုင်ကိုပိန်းနဲ့ ပိုတက်ဆီယံပါဝင်လို့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်စီးမှာကိုလည်း ကာကွယ်ရာရောက်ပါတယ်။

၂။ မာလကာသီး

မမေ့သင့်တဲ့ သစ်သီးထဲမှာ မာလကာသီးလည်း အပါအဝင်ပါပဲ။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေ ပါဝင်လို့ ကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးပြီး ဗီတာမင် C က လန်းဆန်းစေပါလိမ့်မယ်။

၃။ သရက်သီး

သရက်သီးဟာ ရာသီပေါ် သီးနှံဖြစ်တာကြောင့် အစိမ်းစားတာဖြစ်စေ ဖျော်ရည်အနေနဲ့ သောက်တာဖြစ်စေ ပြုလုပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ အလွန်အကျွံစားမိရင် ဝမ်းလျှောနိုင်လို့ များများမစားသင့်ပါဘူး။

၎။ သင်္ဘောသီး

ဝမ်းကို အေးစေပြီး အသားအရည်ကို ကြည်လင်လှပစေတဲ့ သင်္ဘောသီးကို နွေရာသီရဲ့ဓာတ်စာတစ်ခုအဖြစ် မှီဝဲသင့်ပါတယ်။ အမျှင်ဓာတ်တွေ ပါဝင်လို့ ဝမ်းမှန်စေနိုင်ပါတယ်။ လတ်ဆတ်တဲ့အသီးကိုရွေးပါ။ အမှည့်လွန်တာတွေ ရှောင်ကြဉ်ဖို့ကိုလည်း အကြံပေးပါရစေ။

၅။ ပင်မှည့်သီး

ပင်မှည့်သီးရဲ့ မွှေးပျံ့တဲ့ရနံ့ကြောင့် လွန်ဆန်နိုင်ဖို့ ခက်ပါတယ်။ နွေရာသီမှာတော့ ဖျော်ရည်အဖြစ် သောက်သုံးလို့အကောင်းဆုံး သစ်သီးတစ်မျိုးပေါ့။ သူ့မှာ ပိုတက်ဆီယံ၊ ဗီတာမင် A နဲ့ C အပြင် အမျှင်ဓာတ်၊ သံဓာတ်တို့ ပါဝင်ပါတယ်။ ရေဓာတ်ဆုံးရှုံးမှုကို လျှော့ချပေးပြီး ပိုတက်ဆီယံနဲ့ သံဓာတ်ကြောင့် ကောင်းမွန်စွာ အိပ်ပျော်စေနိုင်မှာပါ။

၆။ နာနတ်သီး

ကူးစက်ရောဂါပိုးတွေနဲ့ အသားအရေ ဓာတ်မတည့်မှုကို ကာကွယ်ပေးမယ့် နာနတ်သီးကိုလည်း စားပေးပါ။ အမျှင်ဓာတ်နဲ့ ဗီတာမင် C အပြင် အခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေတဲ့ နာနတ်သီးက လွယ်လင့်တကူ ဝယ်ယူနိုင်တဲ့ သစ်သီးလည်း ဖြစ်ပါတယ်။

၇။ ကီဝီသီး

သူလည်းပဲ အနံ့မွှေးမွှေးလေးနဲ့ အရသာချဉ်ချဉ်လေးရှိတဲ့ သစ်သီးဖြစ်ပါတယ်။ ဗီတာမင် C မြင့်မားစွာ ပါဝင်နေပြီး သွေးတွင်းအဆီဓာတ်ကို လျော့ချပေးလို့ စားသင့်တဲ့ သစ်သီးတစ်မျိုးလည်း ဖြစ်ပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top