iMyanmarHouse.com - Best Property Website for Myanmar
×

အမျိုးသမီးငါးပုံ တစ်ပုံခန့်သည် မိတ်ကပ်ကို ငါးနှစ်နဲ့အထက် သိမ်းထားပြီး သုံးနေကြသဖြင့် သွေးအဆိပ်သင့်ခြင်း အစ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း အလယ် အူရောင်ခြင်း အဆုံး ခံစားနေကြရကြောင်း လေ့လာမှု စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

စစ်တမ်း ဖြေဆိုသော အမျိုးသမီး(၂၅) ရာခိုင်နှုန်းထိက မက်စ်ကာရာကို တစ်နှစ်လောက်ထိ သိမ်းထားပြီး သုံးကြကြောင်း ဖြေထားကြသည်။ အလှအပနှင့် ကျန်းမာရေးရာ ကျွမ်းကျင်သူများ၏ အလိုအရမူ မက်စ်ကာရာကို သုံးလထက် ပိုသိမ်းထားပြီး အသုံးမပြုသင့်ဟု သိရသည်။

ကလင်နာကိုလည်း တစ်နှစ်လောက်ထိ သိမ်းထားပြီး အသုံးပြုသည်ဟု (၂၀) ရာခိုင်နှုန်းက ဖြေထားသည်။ ကျွမ်းကျင်သူများကမူ ခြောက်လထက် ပိုသိမ်းထားပြီး မသုံးသင့်ဟု ဆိုထားသည်။

(၁၀) ရာခိုင်နှုန်းသော အမျိုးသမီးများသည်လည်း နှုတ်ခမ်းနီတောင့်ကို သုံးနှစ်လောက်ထိ သိမ်းထားပြီး အသုံးပြုကြကြောင်း သိရသည်။ ပညာရှင်များကမူ တစ်နှစ်ထက်ကျော်လျှင် မသုံးသင့်ဟု ဆိုထားသည်။ လေ့လာမှု စစ်တမ်းကို လန်ဒန်မက်ထရိုပိုလီတန် တက္ကသိုလ်မှ သုတေသီများက ပြုလုပ်ထားခြင်း ဖြစ်သည်။ သက်တမ်းလွန် အလှကုန်ပစ္စည်းများထဲတွင် လူကို အန္တရာယ် ဖြစ်စေသော ဘက်တီးရီးယား အများအပြား ပေါက်ဖွားနေကြောင်းလည်း လေ့လာ တွေ့ရှိထားသည်။

ပါးနီ၊ ဖောင်ဒေးရှင်း မိတ်ကပ်၊ နှုတ်ခမ်းအရောင်တင်ဆေး စသဖြင့် အလှကုန် ပစ္စည်းငါးမျိုးကို လေ့လာကြည့်သည့်အခါ ထိုပစ္စည်းများ သက်တမ်း လွန်သွားသည့်အခါ  အာရုံကြော ရောင်ရမ်းစေသည့် အန်တာရိုကိုးကတ်စ် ဖယ်ကာလစ် ဘက်တီးရီးယားများ ပေါက်ဖွားလာသည်ကို တွေ့ရသည်။ ထိုဘက်တီးရီးယား ကူးစက်ခံရသူသည် ခေါင်းမူး ခေါင်းကိုက်တာမျိုး ပိုဖြစ်ပွားတတ်သလို၊ ဇက်ကြောတက်၊ ဖျားနာ၊ ပျို့ချင်ချင် အန်ချင်ချင်များလည်း ပိုဖြစ်ပွားကြောင်း သိရသည်။

နောက်ထပ် လူကို ဒုက္ခပေးသော ဘက်တီးရီးယားများထဲတွင် ဆီးလမ်းကြောင်းရောဂါ၊ အသက်ရှူ လမ်းကြောင်း ရောဂါများ ဖြစ်ပွားစေသည့် ယူဘက်တီရီယမ် ပိုးမွှားမျိုးလည်း ပါဝင်သည်။ အရေပြားယားနာများ ဖြစ်ပွားစေသော ပရိုပီရိုနီဘက် တီရီယမ် ပိုးမွှားများလည်း ဖြစ်ထွန်းနေသည်ကို တွေ့ရသည်။

 စစ်တမ်း ဖြေဆိုသူများ အနက် ခုနစ်ရာခိုင်နှုန်းသော အမျိုးသမီးများ ကလည်း မိတ်ကပ်ကြောင့် ပိုးမွှား ကူးစက်ကာ ဒုက္ခကြီးကြီးမားမား ရောက်ရတာမျိုး ကြုံဖူးသည်ဟု ဆိုထားကြသည်။ အမျိုးသမီးတို့၏  မိတ်ကပ်သေတ္တာများထဲတွင် ထူးထူး ခြားခြား ပါလာတတ်သည့် ပစ္စည်းများကိုလည်း စစ်တမ်းက ဖော်ပြသည်။ မြင်းခေါင်းလျော်ရည်၊ ၀က်အူလှည့်၊ ကြောင်စာ ဘီစကွတ်၊ ဂစ်တာပလပ်ပြား၊ ဆံပင်ဆိုးဆေး စသည်တို့ ဖြစ်သည်။ အလှပြင်နေချိန်တွင် အချစ်တော်ကြောင်လေးက မိတ်ကပ်ဘူးတွေ၊ ဘရပ်ရှ်တွေကို လာလာဆော့သဖြင့် ကြောင်ကို အာရုံလွှဲထားဖို့ ကြောင်စာ ဘီစကွတ် ဆောင်ထားရသည်ဟု အမျိုးသမီး တစ်ဦးက ပြောသည်။

ယနေ့ စမတ်ဖုန်းခေတ်၊ အင်တာနက် ခေတ်နှင့်အညီ အမျိုးသမီးတို့၏ မိတ်ကပ်ဝယ်ဓလေ့ ပြောင်းလဲလာပုံကိုလည်း စစ်တမ်းက ဖော်ပြသည်။ ဗြိတိန်တွင် အမျိုးသမီး (၅၁) ရာခိုင်နှုန်းထိသည် လက်တွေ့ ရှောပင်း မထွက်ခင် အွန်လိုင်းကနေ မိတ်ကပ်ပစ္စည်းများ လေ့လာပြီးမှ အပြင်မှာ တကယ် သွားဝယ်ကြောင်း သိရသည်။ သုံးနေကျ ပစ္စည်းမျိုး ဖြစ်ပါ က အွန်လိုင်းကနေပင် ၀ယ်ယူလိုက်ကြကြောင်းလည်း သိရသည်။

Credit:Messenger

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top