iMyanmarHouse.com - Best Property Website for Myanmar
×
လူနှစ်ယောက်ချစ်ကြိုက်ကြတယ်ဆိုတာ အင်မတန်မှ ထူးခြားဆန်းကြယ်တဲ့ကိစ္စပါ။ အဲ့ဒီမှာမှ သာမန် အမျိုးသားနဲ့အမျိုးသမီးချစ်ကြိုက်ကြတာမျိုး မဟုတ်ပဲ  အမျိုးသားချင်း၊ အမျိုးသမီးချင်း လိင်တူချစ်ကြိုက်တန်ဖိုးထားကြတဲ့ကိစ္စဆိုရင်တော့ ပိုလို့တောင် ထူးခြားသွားပါပြီ။ ခုပြောပြမယ့် အကြောင်လေးကလည်း လိင်တူချစ်သူစုံတွဲ မိတ်ကပ်မေဦးနဲ့ ဟန်လင်းတို့ရဲ့ အချစ်ဇာတ်လမ်းအကြောင်းလေးပဲ ဖြစ်ပါတယ်။  သူတို့ဟာအခုလက်ရှိမှာ ချစ်သူသက်တမ်း ၇လရှိနေပြီဖြစ်သလို သာမန် အမျိုးသားနဲ့အမျိုးသမီးချစ်ကြိုက်ကြတာထက်ကို ပိုသာ၊ ပိုကဲ၊ ပိုချစ်လွန်းအားကြီးတဲ့ အတွဲလေးမို့ သူတို့နှစ်ဦးရဲ့ လူမှုကွန်ယက်ကပုံတွေ၊ စာတွေကိုကြည့်ပြီး အားကျရသူတွေလည်း မနည်းမနောပါပဲ။ သူတို့နှစ်ဦးဟာခုလို ချစ်သူဘ၀နဲ့တင်မကပဲ မင်္ဂလာဆောင်ကာ ကလေးယူဖို့အထိရည်ရွယ်ထားတဲ့အတွက်ကြောင့် သူတို့နှစ်ယောက်ရဲ့အချစ်လမ်းခရီးမှာ ဘယ်လိုဝေဖန်မှုတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာနဲ့ ရှေ့ဆက်ဘယ်လိုခြေလှမ်းမျိုးတွေနဲ့ နှစ်ဦးသားအတူ ဆက်လက်လျှောက်လှမ်းသွားမယ်ဆိုတာ သွားရောက်မေးမြန်းဖြစ်ခဲ့ပါတယ်။
-ဟန်လင်းကို စတွေ့တဲ့အချိန်မှာ ဘယ်လိုခံစားရလဲ။
အချစ်က တကယ်တော့ ဆန်းကြယ်တယ်ပေါ့။ အချစ်ဆိုတာ ဘယ်လိုနေရာကမျိုးမဆို ပေါက်ဖွားလာနိုင်တယ်။ ဥပမာ လူတစ်ယောက်ကိုတွေ့ရင် ဟယ်သူချောတယ်။ သူ့စတိုင်ကိုကြည့်တယ်။ ဒါကစိတ်ဝင်စားတဲ့အကြည့်ပေါ့။ နောက်တစ်ခုကသူ့ကို ချစ်ချင်တယ်။ သူ့ပုံစံလေးက ဘယ်လိုလေးလဲမသိဘူး။ သူနဲ့ရည်းစားဖြစ်ခွင့် ရချင်တယ်ပေါ့။ ဖြစ်ပေါ်တဲ့စိတ်က မတူဘူး။ ဒါပေမဲ့သူ့ကိုတွေ့တဲ့အချိန်မှာ မေဦးရဲ့စိတ်က အရမ်းကိုနူးညံ့ပြီးတော့ သူ့ကိုကြိုက်ချင်တဲ့စိတ်ဖြစ်ချင်မိတယ်။ အဲ့ဒါကြောင့်ခင်ချင်တဲ့အကြောင်း စကားသွားပြောပြီး ချဉ်းကပ်ခဲ့တယ်။ မျက်လုံးချင်းကတော့ ဆုံတယ်ပေါ့။ အကြည့်ချင်းဆုံပြီး ရင်ထဲမှာတစ်မျိုးကြီးပေါ့။ ခံစားချက်က တစ်ခါမှမခံစားဖူးတဲ့ Feeling ပေါ့။
-ဟန်လင်းနဲ့တွဲနေကြပြီဆိုပြီး လူမှုကွန်ယက်တွေအပေါ်မှာ တင်တဲ့အခါမှာ ဝေဖန်တဲ့သူတွေအပေါ်ဘယ်လိုမြင်မိလဲ။
ပြောရမယ်ဆိုရင် သူနဲ့စကြိုက်တဲ့အချိန်မှာသူက ကလေး၊ ကိုယ့်ထက်လဲငယ်တယ်။ ကိုယ့်ထက်ပိုငယ်တော့ ချစ်တာ အရမ်းခံချင်တယ်။ မေဦးက အလုပ်တစ်ဖက်ကလဲရှိတဲ့အခါကျတော့ ချစ်တာတော့ချစ်ပေမဲ့ ကိုယ့်အလုပ်ကိုလဲပြန်ကြည့်ရသေးတာပေါ့။ သူက public ကိုအရမ်းတင်ချင်တယ်။ သူကကိုယ်တွေနှစ်ယောက်ရဲ့အမှတ်တရလေးတွေကိုတင်ချင်တာ သိမ်းထားချင်တဲ့ အမှတ်တရပေါ့လေ။ အဲ့ဒီလိုဆိုတော့ မေဦးကပြောတယ်။ လူတွေ လက်ခံပါ့မလား။ မေဦးအလုပ်နဲ့ရော အဆင်ပြေပါ့မလားပေါ့။ သူနဲ့တိုင်ပင်တယ်။ ဒါပေမဲ့ ပထမဦးဆုံး Public ကိုချပြတဲ့အချိန်မှာ ချစ်တဲ့သူက ပိုများပါတယ်။ ဒါပေမဲ့ မကောင်းရေးတဲ့သူကလဲတော်တော်ကိုရေးတာပါ။ မကောင်းတာရေးခံရတဲ့အချိန်မှာ တော်တော်စိတ်မကောင်းဖြစ်တယ်။ ဘာလို့အဲ့ဒီလိုမြင်ရတာလဲဆိုတဲ့ ခံစားချက်တွေ၊ ၀မ်းနည်းတဲ့ခံစားမှုတွေဖြစ်ပေါ်တယ်။ သူနဲ့တိုင်ပင်တယ်။ ရေရှည်မှာဘယ်လိုလုပ်ကြမလဲပေါ့။ လူတွေက မကောင်းဘူးပြောမှာလား။ ကောင်းတယ်လို့ပြောတဲ့သူတွေရှိပေမဲ့လဲ မကောင်းဘူးလို့ပြောကြမဲ့သူတွေများလာမှာလားဆိုပြီး နောက်တင်မဲ့ပုံတွေအတွက် စဉ်းစားဖြစ်တယ်။ ဒါပေမဲ့ ချစ်တဲ့စိတ်ကပိုများနေတဲ့အတွက်ကြောင့် အဲ့ဒီစိုးရိမ်စိတ်တွေကို အနိုင်ယူသွားတယ်ပေါ့။ သူများအထင်သေးမှာ၊ သူများမကောင်းပြောမှာတွေကို ကိုယ်တွေနှစ်ယောက်ရဲ့ ချစ်စိတ်တွေကဖုံးသွားပြီးတော့ သိပ်ချစ်ကြတယ်ဆိုတာကို သက်သေထူလိုက်တာပေါ့။
-စတွဲပြီဆိုကတည်းက public မှာတင်ခဲ့တာလား။
ဟုတ်တယ်။ ဘာလို့လဲဆိုတော့ သူကလဲမေဦးကို အရမ်းသ၀န်တိုတယ်။ မေဦးကလဲ သူ့ကိုအရမ်းသ၀န်တိုတယ်။ တစ်ယောက်နဲ့တစ်ယောက် အရမ်းသ၀န်တိုတော့ သူများကြိုက်မှာ အရမ်းကြောက်တယ်။ သူများရည်းစားစကားလာပြောမှာလဲစိုးရိမ်တယ်။ အစက မေဦးရဲ့စိတ်က သူများရဲ့ personal ကိုဝင်ရောက်စွက်ဖက်တာကိုမကြိုက်ဘူး။ ကိုယ့်ကိုစွက်ဖက်တာလဲမကြိုက်ဘူး။ ဒါပေမဲ့သူနဲ့ကျတော့ အရမ်းဝင်စွက်ဖက်တယ်။ မေဦးကလဲသူ့ကိုဝင်စွက်ဖက်တယ်။ သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်တွေဆိုရင်လဲမေဦး password ယူထားတယ်။ မေဦးဟာလဲ သူယူထားတယ်။ အဓိကတစ်ယောက်နဲ့တစ်ယောက်ကဒါနဲ့ပဲဆက်သွယ်နေကြတာဆိုတော့ သူ့ကိုလာပြောရင်သူ့အယောင်ဆောင်ပြီးပြောလိုက်တာမျိုးရှိတယ်။ တစ်ခါတစ်လေ သူပြောနေရင်မေဦးပါဝင်ပြီး နှစ်ယောက်တူတူပြောလိုက်တာမျိုးတွေလဲရှိတယ်။
လက်ခံတဲ့သူကတော့ စိတ်ထားနူးညံ့တဲ့သူ၊ သူများတကာကို အကောင်းဖက်ကမြင်ပေးနိုင်တဲ့သူပေါ့။ လက်မခံနိုင်တဲ့သူကျတော့လဲ ဘာလို့လက်မခံနိုင်တာလဲဆိုတာကိုမေဦးမတွေးဘူး။ သတ်မှတ်ထားတာကျတော့ သူတို့သည်ဒါမျိုးကို မဖြစ်ဖူးဘူး။ နောက်တစ်ခုက သူတို့သည်နူးညံ့တဲ့ပတ်ဝန်းကျင်ကလာတာ မဟုတ်ဘူး။ မေဦးအဲ့ဒီလိုပဲတွေးထားတယ်။ မေဦးတို့ကိုလက်ခံတယ်ဆိုတာကပြောရရင် ဒါဟာသဘာဝတရားကိုဆန့်ကျင်တာ မဟုတ်ဘူး။ ဖြစ်ကိုဖြစ်တတ်တဲ့ သဘာဝတရားပဲ။ ဖြစ်ကိုဖြစ်နိုင်တဲ့ကိစ္စပေါ့။ အပြစ်ပြောသူသည် မကောင်းမြင်သူ၊ လူဆိုတာတကယ်ကောင်းတယ်ဆိုရင် အကောင်းဖက်ကတွေးကိုတွေးပေးနိုင်ရမယ်။ ဥပမာဖန်ခွက်တစ်ခွက်ထဲမှာရေတ၀က်ရှိတယ်ဆိုရင် အဲ့ဒါကိုတချို့ကကျတော့ ဟယ်ဖန်ခွက်တစ်ခွက်ထဲမှာ ရေတ၀က်ပဲရှိတယ်။ အကောင်းမြင်တဲ့သူကျတော့ ဖန်ခွက်တစ်ခွက်ထဲမှာရေတစ်ဝက်အပြည့်ရှိနေပါလားဆိုပြီး မြင်တဲ့အမြင်ကိုက မတူဘူးပေါ့။ အကောင်းမြင်တဲ့သူသည်နူးညံ့တဲ့သူ၊ စိတ်ထားကောင်းတဲ့သူ၊ ကောင်းတဲ့ အသိုင်းအ၀ိုင်းကလာတဲ့သူလို့မေဦးသတ်မှတ်တယ်။ မကောင်းတာပြောတဲ့သူကကျတော့ စိတ်ထားမကောင်းတဲ့သူ၊ သူတို့ရဲ့အသိုင်းအ၀ိုင်းကနည်းနည်းကြမ်းတမ်းတယ်လို့မေဦးသတ်မှတ်တယ်။ ဒါပေမဲ့ မေဦး မတုန့်ပြန်ပါဘူး။ မေဦးသည်ကောင်းတဲ့ အသိုင်းအ၀ိုင်းမှာနေတယ်။ စိတ်ထားကောင်းတယ်။ သူများအပေါ်အကောင်းဖက်တွေးတဲ့အတွက် ကိုယ့်ကိုကောင်းတာပြောတဲ့သူတစ်ချိန်ကျရင်များလာမယ်လို့လက်ခံထားတဲ့အတွက် ကောင်းတဲ့သူတွေ များလာပါတယ်။
-အခုလက်ရှိဆိုရင် ၇လလဲပြည့်တော့မယ်ဆိုတော့ အရင်လို ဝေဖန်ခံနေရတုန်းပဲလား။ နည်းနည်းလျော့သွားပြီလား။
အဲ့ဒါလေးက အရမ်းအံ့သြဖို့ကောင်းတယ်။ သူနဲ့စကြိုက်ပြီး နှစ်ပတ်လောက်အလိုကျတော့ မေဦးနယူးယောက်မှာ ၃လကျောင်းသွားတက်ရတယ်။ မေဦးရဲ့အတွေးလေးပေါ့။ သူ့ကိုမေဦးသည် စပြီးရည်းစားစကားပြောချင်တယ်။ ကြိုက်ချင်တယ်။ ငါကျောင်းကပြန်လာမှပြောရင်ကောင်းမလား။ ကျောင်းကသုံးလတောင်ကြာမှာဆိုတော့ ငါပြန်လာတဲ့အခါ သူရည်းစားရသွားရင် ဘယ်လိုလုပ်မလဲပေါ့။ အဲ့ဒီလိုတွေးတယ်။ တွေးပြီးတော့ မသွားခင်ပဲ  စပြောလိုက်တယ်။ ရည်းစားစကားတော့ မပြောဘူး။ ကိုယ်ကပဲ အရင်စပြီးစကားပြောလိုက်တာပေါ့။ သူကလဲ ကိုယ့်ကိုချစ်တော့ကြိုက်တော့ မသွားခင်မှာပဲ ရည်းစားဖြစ်သွားတယ်ပေါ့။ နယူးယောက်နဲ့ရန်ကုန်နဲ့ဆိုနေ့နဲ့ညဖြစ်နေတယ်။ ဒါပေမဲ့သူက ရန်ကုန်မှာမိုးချုပ်ပေမဲ့ မိုးလင်းအတိုင်းပဲနေပေးတယ်။ ညမအိပ်ဘူး။ တစ်ညလုံး ဖုန်းပြောတယ်။ စာသင်ရင်လဲ နားကြပ်တပ်ထားတယ်။ သူနဲ့စကားမပြောပေမဲ့ မေဦးစာသင်တာကို သူနားထောင်ပေးတယ်။ သူနဲ့မေဦးအတူတူရှိနေတယ်ပေါ့။ ထမင်းစားလဲ အတူတူ၊ ရေချိုးလဲအတူတူ၊ toilet ၀င်လဲအတူတူပေါ့။ ဝေးနေပေမဲ့ အရမ်းနီးတယ်လို့ခံစားရတယ်။ တစ်ယောက်နဲ့တစ်ယောက်ကလဲ အရမ်းတွေ့ချင်တယ်။ အဲ့ဒီလိုစိတ်တွေကတော့ အမြဲတမ်းဖြစ်ပေါ်နေတာပေါ့။ သူနဲ့ကိုယ်နဲ့ဝေးနေပေမဲ့ နှလုံးသားချင်းက နီးနေတယ်။ အချစ်စစ်မှန်တဲ့အခါကျတော့ ပြန်လာတဲ့ခါမှာနှစ်ပေါင်းများစွာဝေးကွာနေတဲ့ သူတွေလိုပဲ အရမ်း close ဖြစ်အောင်နေတယ်။ ပြန်လာတဲ့အခါမှာ ပုံတွေပိုတင်လာတယ်။ ပိုတင်တဲ့အခါမှာအရမ်းလက်ခံလာကြတယ်။ ပြန်လာပြီးတစ်လလောက်ကြာတဲ့အခါမှာ မေဦးတို့ကိုချစ်တဲ့သူတွေက fan group လေး လုပ်လိုက်တယ်။ မတင်မိုးမြင့်၊ ဖြူဖြူရယ်၊ ဖူးဖူးရယ်က မေဦးရဲ့အမာခံ၊ မေဦးတို့ဘာလုပ်လုပ်အကောင်းမြင်ပေးတယ်။ မေဦးတို့နဲ့မိသားစုလိုဖြစ်သွားတာ သူတို့စိတ်ထဲမှာမေဦးတို့သည် သူတို့ရဲ့မောင်လေး၊ သားလေးပေါ့။ Fan Group လေးလုပ်ပေးတယ်။ မေဦးတို့ကိုမကောင်းပြောတဲ့သူတွေကိုဖြေရှင်းပေးတယ်။ အခုနောက်ပိုင်းတော့ ချစ်တဲ့သူများလာတဲ့အတွက်လက်ခံတဲ့သူများလာပါတယ်။မေဦးတို့လိုပုံစံမျိုးလေးတွေ အပြင်မှာအများကြီးရှိပါတယ်။ သူတို့ရဲ့ပြောခံနေရတဲ့ဘ၀လေးတွေက ကာဗာလေးတွေဖြစ်လာတာပေါ့။
-နှစ်ယောက်စလုံးက လူသိများတဲ့သူတွေဖြစ်တဲ့အပြင် အခုလိုမျိုးပေါ်ပေါ်ထင်ထင်တွဲလိုက်တာက မေဦးတို့အနေနဲ့မေဦးတို့လိုပုံစံမျိုးလေးတွေကို လူအများလက်ခံလာအောင် ရှေ့ကနေဦးဆောင်လမ်းပြပြီးတွဲပြလိုက်တာလား။ နောက်ပြီးတော့ LGBT အဖွဲ့အစည်းမှာရော ပါဝင်လှုပ်ရှားနေတာမျိုးတွေရှိလား။
LGBT မှာက တရားဝင်လှုပ်ရှားနေတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့နောက်ကွယ်ကနေတော့ အဲ့ဒီလိုအဖွဲ့အစည်းတွေမှာ လှူဖူးတယ်။ လှူနေတဲ့သူတွေကိုလဲ Supporting အများကြီး လုပ်ပေးဖူးတယ်။ ကိုယ်တိုင်ကတော့ မပါဝင်သေးဘူး။ မေဦးရဲ့ Third Plan က အဲ့ဒီမှာ ပါဝင်လှုပ်ရှားဖို့ပါ။ အသက် ၃၅ လောက်မှာ မေဦးစပြီး ပါဝင်ပါမယ်။ လူတွေလက်ခံလာအောင်မေဦးကြိုးစားမယ်။ မေဦးတို့ငယ်ငယ်တုန်းကဆိုရင် ဒီလိုလူမျိုးတွေကိုဆန့်ကျင်ထားတဲ့သူတွေရှိတယ်။ လွတ်လွတ်လပ်လပ်နေခွင့်မရတာမျိုးတွေ ရှိတယ်။ အဲ့ဒါတွေကိုမေဦးကြိုးစားပြီး ပါဝင်လှုပ်ရှားပါမယ်။ မေဦးတို့ကိုအားပေးတဲ့သူတွေကိုလဲ စုထားတယ်။ သူတို့နဲ့အဖွဲ့တစ်ခုထောင်မယ်။ ဒီလိုပုံစံမျိုးလေးတွေဟာ သဘာဝတရားမှာဖြစ်တတ်တယ်ဆိုတာကို လူတွေလက်ခံလာအောင်မေဦးကြိုးစားမယ်။ မေဦးတို့လို ပုံစံမျိုးလေးတွေကို ဖြစ်ခွင့်ရှိလာအောင်၊ ဖြစ်လို့ရတယ်ဆိုတာကို မေဦး မက်ဆေ့ခ်ျပေးသွားမယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မေဦးတို့မရတဲ့အခွင့်အရေးတွေကိုရအောင်တောင်းဆိုသွားမယ်။ ရအောင်လဲယူမယ်။ မေဦးတို့အတူတွဲသွားတဲ့အခါ ရှုတ်ချမယ်။ ကိုယ်ထိလက်ရောက်စော်ကားမယ် ဆိုရင် ကာကွယ်ပေးလို့ရတဲ့ဥပဒေတစ်ရပ်ရအောင်လုပ်မယ်။ အဲ့ဒီလိုလူတွေအတွက်အခွင့်အရေးတွေရှိအောင်ကြိုးစားသွားပါမယ်။ တော်တော်များများက ဘာလို့အဲ့ဒီလိုနေရာတွေမှာ မလှုပ်ရှားသေးတာလဲဆိုပြီး ပြောကြတယ်။ မေဦးအချိန်မတန်သေးလို့မလုပ်တာပါ။ လူတွေက အခွင့်အရေးကိုရွေးလို့မရဘူး။ အခွင့်အရေးဆိုတာပေါ်ပေါက်မှရွေးလို့ရတာ အဲ့ဒီအခွင့်အရေးကိုပေါ်ပေါက်လာအောင် အစကတည်းက plan လုပ်ထားပြီးသားပါ။ မေဦးတို့ကိုချစ်တဲ့သူတွေများလာပြီ။ အဲ့ဒီလိုအဖွဲ့တွေဆင့်ကာဆင့်ကာ များလာတဲ့အခါ မေဦးအပြင်မှာအဖွဲ့အစည်းလေးတစ်ခုဖွဲ့မယ်။ အဲ့ဒီအဖွဲ့အစည်းကကြီးလာမှ ဒီအခွင့်အရေးကတောင်းလို့ရမှာ ဘာမဟုတ်တဲ့ဟာမျိုးသွားတောင်းလိုက်ရင်အလကားဖြစ်သွားမယ်။ နောက်အခါတောင်းရင်ဖြစ်နိုင်တော့မှာမဟုတ်ဘူး။ အဲ့ဒါကြောင့်တောင်းချင်တဲ့အခွင့်အရေးကိုမေဦး ထိန်းသိမ်းထားတယ်။ ဘယ်တော့မှထုတ်ဖော်မပြောထားဘူး။ တကယ်ကိုအင်အားကြီးလာပြီ။ ပြောလို့ရတဲ့အချိန်မှထုတ်ပြောမယ်။ အဲ့ဒီအချိန်ကျရင်လဲရကိုရလိမ့်မယ်လို့ယုံကြည်ပါတယ်။
-အပြင်မှာတွဲသွားတွဲလာလုပ်တဲ့အခါမှာရော အပြင်ကလူတွေရဲ့ အကြည့်ကဘယ်လိုရှိလဲ။
တချို့ကလဲလက်ကုပ်ပြီးပြတယ်။ တချို့ကမျက်စောင်းထိုးတယ်။ တချို့ကျတော့လဲ နှာခေါင်းရှုံ့တယ်။ တချို့ကျတော့လဲချစ်တယ်။ ဒါပေမဲ့အဲ့ဒီလို နှာခေါင်းရှုံ့တဲ့သူတွေရှေ့ကျရင်မေဦးတို့ပိုချစ်ပြတယ်။ ဖက်ထားတယ်။ လက်ကိုလုံးဝမဖြုတ်ဘူး။ မေဦးနဲ့သူနဲ့သည် အပြင်သွားရင်လဲ တစ်ယောက်နဲ့တစ်ယောက် အရမ်းရိုင်းရိုင်းကြီးမနေပေမဲ့ အရမ်းချစ်တယ်။ ဖက်ထားတယ်။ မေဦးတို့နှစ်ယောက်သည်ချစ်စရာလေးပါလားဆိုပြီး နောက်လူတွေပါလက်ခံလာအောင်ချစ်စရာကောင်းအောင်နေပါတယ်။
-ဟန်လင်း ကိုဘာကြောင့်ချစ်တာလဲ။
အစကတည်းက ဘယ်လိုပဲဖြစ်ဖြစ်ချစ်တယ်။ တခါတလေမေဦးအရမ်းပင်ပန်းတဲ့အခါကျရင် သူစိုးတာလေးတွေရှိတယ်။ ငယ်ငယ်တုန်းကစိတ်နဲ့သာဆိုရင်သူနဲ့ကိုယ်နဲ့အရမ်းရန်ဖြစ်မှာ။ ဒါပေမဲ့မေဦးသူ့ကိုအရမ်းချစ်တဲ့အတွက်လျှော့တယ်။ သူ့ရဲ့အပြုအမူတိုင်းကို ချစ်တယ်။ မေဦးလုပ်ခိုင်းတာလေးတွေလဲ လုပ်ပြတယ်။ သီချင်းဆိုပြဆို ဆိုပြတယ်။ သီချင်းဆိုနေတာမဟုတ်ပဲ မေဦးအတွက်ကို ဆိုပြနေတာဖြစ်တဲ့အတွက် ပိုချစ်လာတာပေါ့။ ကိုယ့်အပေါ်ကိုလုပ်ပေးတဲ့ဟာလေးတွေက အရမ်းကိုချစ်ဖို့ကောင်းပါတယ်။ မေဦးပင်ပန်းနေရင်အနားမှာနေပေးတယ်။ တခါတလေပြောပြလို့မရတဲ့ အရမ်းကိုလုပ်ပေးတဲ့ ကိစ္စလေးတွေရှိတယ်။ သူကအောက်ခြေသိမ်းကအစမေဦးအပေါ်ဂရုစိုက်တယ်။ သိတတ်တယ်။ အဲ့ဒါကြောင့်အချစ်တွေက ပိုခိုင်မြဲလာတယ်။ သူကမေဦးထက် ၈ရှစ်ငယ်တယ်။ ဒါပေမဲ့  မေဦးအပေါ်အစစအရာရာသိတတ်လွန်းတယ်။
-ဟန်လင်းကို ကောင်မလေးတော်တော်များများက သဘောကျကြတဲ့အပေါ်မှာရော မေဦးအနေနဲ့ဘယ်လိုခံစားရလဲ။
အရမ်းကို မနာလိုဖြစ်တာပဲ။ သူ့ကိုစစကြိုက်တုန်းကဆိုရင် အခုလက်ရှိအကောင့်မှာဆို သူ့ဆီလာအပ်တဲ့သူတွေကို မေဦးကိုယ်တိုင်လက်ခံတာပါ။ ကိုယ့်ဟာတောင် ကိုယ်လက်မခံဖြစ်ဘူး။ သူ့အကောင့်ကိုတော့သေချာလေးသုံးပေးဖြစ်တယ်။ လူစစ်ပြီးတော့ လက်ခံပေးတယ်။ သူ့ကိုစကားလာပြောရင် အရမ်းမနာလိုတာပဲ။ စိတ်အရမ်းပုပ်တယ်။ သူ့ကိုစကားလာပြောရင်မေဦးက၀င်ပြောတာ၊ မေဦးမှန်းလဲသိရော သူ့ကိုအားလုံးကလန့်ပြီး လာမပြောကြတော့ဘူး။ သူ့ရဲ့ personal ကို မေဦးကိုဝင်စွက်ဖက်ခွင့်ပေးထားပါတယ်။ မေဦးဖက်ကတော့ အလုပ်လုပ်နေရတဲ့အတွက်သူ့ကိုအပြည့်အ၀စွက်ဖက်ခွင့်မပေးထားပါဘူး။
-ကလေးလေးပါယူမယ်လို့သိရတယ်။ ဘယ်တော့လောက်ကိုအကောင်အထည်ဖော်ဖြစ်မလဲဆိုတာ ပြောပြပေးပါဦး။
ဟန်လင်း - လိုပါသေးတယ်။ အဓိကကတော့ နှစ်ယောက်လုံး အလုပ်အတူတူလုပ်ပြီး ကြိုးစားရဦးမယ်။ အများကြီးတော့လိုပါသေးတယ်။ အားလုံးအတည်တကျဖြစ်သွားမှပဲ အဲ့ဒီကိစ္စကို အကောင်အထည်ဖော်ပါမယ်။ ခန့်မှန်းခြေကတော့ နောက်သုံးနှစ်လောက်ဆိုဖြစ်လာပါပြီ။
မေဦး - မင်္ဂလာဆောင်မယ်။ ကလေးယူမယ်ဆိုတာ မေဦး ဘယ်တော့မှ ခေါင်းထဲမထည့်မိတဲ့ကိစ္စပါ။ ဒါပေမဲ့ သူနဲ့စတွေ့တဲ့အချိန်မှာ မေဦး မင်္ဂလာဆောင်ချင်လာတယ်။ သူလဲမေဦးနဲ့တွေ့တဲ့အချိန်မှာ မင်္ဂလာဆောင်ချင်သွားတယ်။ နှစ်ယောက်စလုံး မတွေးခဲ့တဲ့ကိစ္စကို မေဦးတို့နှစ်ယောက်စဆုံတဲ့အချိန်မှာ ဖြစ်ချင်သွားတယ်။ မေဦးတို့နှစ်ယောက်မှာ ရည်မှန်းချက်တွေရှိတယ်။ အဲဒီရည်မှန်းချက် လေးတစ်ခုပြည့်သွားရင် မေဦးတို့မင်္ဂလာဆောင်မယ်။ ပြီးရင်ကလေးလေးယူဖို့အထိ စဉ်းစားထားပါတယ်။
-ဒီလို Relationship တစ်ခုကို မောင်လေးဟန်လင်းအိမ်ကရောလက်ခံလား။ ဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်နဲ့အချေအတင်ဖြစ်တာမျိုးရောရှိလား။
အရမ်းကြီး အချေအတင်ဖြစ်တာတော့မရှိဘူးအစ်မ။ ဘာလို့လဲဆိုတော့ ဘယ်ကိစ္စကိုမှ ကျွန်တော်က ဖုံးကွယ်လေ့မရှိဘူး။ လိမ်လေ့လဲမရှိဘူး။ မိသားစုနဲ့ကအဲ့ဒီလိုမျိုးဆက်ဆံရေးဆိုတော့ အမှန်အတိုင်းပဲပြောပြလိုက်တယ်။
-ကလေးယူဖို့ကိုရော မောင်လေးအိမ်ကလက်ခံပါ့မလား။
ကျွန်တော်က တစ်ကိုယ်ကောင်းဆန်တာတော့မဟုတ်ဘူး။ နည်းနည်းတော့ဆိုးတဲ့အထဲမှာပါတယ်။ အဓိက ကိုယ့်ဆန္ဒကိုပဲကိုယ်ကဦးစားပေးတာဆိုတော့ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာရှိရင်လုပ်လိုက်တာပဲ။ နောက်မှပဲရှင်းပေါ့။ ငယ်ငယ်ကတည်းကလဲ ဆူချင်ဆူ၊ ရိုက်ချင်ရိုက် ကိုယ်လုပ်ချင်တာကိုယ်လုပ်ရရင်ပြီးရောဆိုတော့လေ။
-သိတဲ့အခါမှာ သူတို့ဘာပြောကြလဲ။
ဘယ်လိုပြောရမလဲ။ အိမ်ကလဲ ကျွန်တော့်ကိစ္စတွေမှာ ဘာမှဝင်စွက်ဖက်လေ့မရှိဘူး။ အတိုက်အခံလုပ်ရတာမျိုးမရှိလိုက်ဘူး။
-မေဦးနဲ့စတွဲတော့မယ်ဆိုတဲ့အချိန်မှာ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိသားစု၊ ကိုယ့်အသိုင်းအ၀ိုင်းအတွက် ခေါင်းထဲ ထည့်ပြီးစဉ်းစားဖြစ်သေးလား။
အဲ့ဒါကျတော့ ကျွန်တော်က ဝေဖန်တာတွေကို အရင်ကတည်းကနေသိပ်ပြီး ဂရုစိုက်လေ့မရှိဘူး။ အဓိက ကိုယ်ကသူ့ကိုချစ်နေတဲ့အတွက် ကျန်တာတွေသိပ်ပြီး ဦးနှောက်ထဲမရှိဘူး။ ချစ်ရင်ပြီးတာပဲ။
-မေဦးကိုရော ဘာကြောင့်ချစ်တာလဲ။
အပြုအမူတိုင်းကိုချစ်နေတဲ့အတွက် ဘာကြောင့်ချစ်လို့ချစ်မှန်းကိုမသိအောင်ကိုချစ်တာပါ။
-မေဦးကို စတွေ့တုန်းကရော ဘယ်လိုခံစားရလဲ။
အခုလောက်ကြီးတော့ အရမ်းကြီးချစ်နေတာ မဟုတ်ပေမဲ့ စိတ်ဝင်စားတာမျိုး၊ အဲ့ဒီလိုမျိုးတော့ဖြစ်တယ်။
-စိတ်ဝင်စားတယ်ဆိုပြီး ဘာလို့သုံးရက်ကြာမှ Reply လုပ်တာလဲ။
နဂိုကတည်းကတင်ဖေ့စ်ဘွတ်မှာစကားလာပြောရင် ပြန်မပြောတတ်ဘူး။ ကျွန်တော့်အကျင့်ကိုဖြစ်နေတာ အဲ့ဒါကြောင့်ပါ။
-မေဦးကရော သူ့ကိုဘာဖြစ်စေချင်လဲ။
မေဦးက သူ့ကိုနှစ်ခုရွေးချယ်ခိုင်းထားတယ်။ အဆိုတော်လုပ်မလား။ ဒါမှမဟုတ် Wedding planer ကိုပဲဇောက်ချပြီးလုပ်မလားပေါ့။ သူက အခုအဲ့ဒီနှစ်ခုကိုစဉ်းစားနေတယ်။ သူအသံအရမ်းကောင်းတယ်လို့မေဦးထင်တယ်။ ဖြစ်နိုင်လား။ မဖြစ်နိုင်လား။ မေဦးသိတယ်။ သူ့ကိုတော့ အဆိုတော်ဖြစ်စေချင်တယ်ပေါ့။ ပရောဖက်ရှင်နယ်မဟုတ်တောင် band လေးနဲ့ဆိုတဲ့လူတစ်ယောက် ဖြစ်စေချင်တယ်။
-မောင်လေးကရော အဆိုပိုင်းကို ၀ါသနာပါလား။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top